တရုတ်ဆွန်မင်းဆက်ခေတ် နှစ် ၁၀၀၀ သက်တမ်းရှိ ပန်းကန်လုံးအား ဒေါ်လာ ၃၇ သန်းကျော်ဖြင့် ရောင်းချ

တရုတ်ဆွန်မင်းဆက်ခေတ် နှစ် ၁၀၀၀ သက်တမ်းရှိ ပန်းကန်လုံးအား ဒေါ်လာ ၃၇ သန်းကျော်ဖြင့် ရောင်းချ

 

ဟောင်ကောင်၊ အောက်တိုဘာ ၃ ။                    ။ ဟောင်ကောင်က လေလံပွဲတစ်ရပ်တွင် အောက်တိုဘာ ၃ ရက်က တရုတ် ဆွန်မင်းဆက်ခေတ်က နှစ် ၁၀၀၀ သက်တမ်းရှိ အသေးစား ပန်းကန်လုံးတစ်လုံးကို အမေရိကန်ဒေါ်လာ ၃၇ ဒဿမ ၇ သန်းဖြင့် လေလံတင်ရောင်းချခဲ့ရကြောင်း ဆိုသည်ဘိုင်လေလံရုံးက ပြောသည်။

လွန်ခဲ့သော ၉၆၀ မှ ၁၁၂၇ ခုနှစ်ကြားက ဖြစ်နိုင်သည့် အဆိုပါ ပန်းကန်လုံးလေး၏ လေလံရောင်းရဈေးသည် မင်မင်းဆက်ခေတ် ဝိုင်အရက်ခွက်ကို ၂၀၁၄ ခုနှစ်အတွင်းက လေလံဈေး ၃၆ ဒဿမ ၀၅ သန်းဒေါ်လာဖြင့် ရောင်းခဲ့ရသည့် စံချိန်ကို ချိုးလိုက်ခြင်းပဲ ဖြစ်သည်။

ယခု ပန်းကန်လုံးအား လေလံဆွဲ ဝယ်ယူသွားသူက မည်သူမည်ဝါဖြစ်ကြောင်း မထုတ်ဖော်ကြောင်း လေလံရုံးက ပြောပြီး တရုတ်ပြည်မကြီး သို့မဟုတ် အခြားနိုင်ငံမှ လေလံဆွဲ ဝယ်ယူခြင်း ဖြစ်သည် မဖြစ်သည်ကိုလည်း လေလံရုံးက ဖြေကြားရန် ငြင်းဆန်သည်။

“တရုတ် ကြွေထည်လက်မှုလက်ရာတွေအတွက် လုံးလုံးစံသစ်တင်တာပါပဲ။ ဒီနေ့မှာ ခုပန်းကန်လုံးလေးနဲ့ ကျွန်တော်တို့က သမိုင်းသစ်တင်လိုက်နိုင်တာပါပဲ။”ဟု လေလံရုံး အာရှရေးရာ ဒုတိယအကြီးအကဲ နီကိုလပ်ချောက သတင်းထောက်များအား ပြောသည်။

ယင်းပန်းကန်လုံးလေးအား လေလံကြမ်းခင်းဈေး ဒေါ်လာ ၁၀ ဒဿမ ၂ သန်းဖြင့် စတင်ဈေးခေါ်ခဲ့ခြင်း ဖြစ်ကာ ဖုန်းဖြင့် လေလံဆွဲသူတစ်ဦးနှင့် လေလံခန်းမအတွင်းက တစ်ဦးတို့က မိနစ် နှစ်ဆယ်ခန့် ဈေးအပြိုင်ဆိုကြခြင်းဖြစ်သည်။

နောက်ဆုံးတွင် ဖုန်းဖြင့် ဈေးခေါ်သူက အနိုင်ရပြီး လက်ခုပ်သြဘာသံများ သဲ့ယူသွားခဲ့ခြင်းပဲ ဖြစ်သည်။

အဆိုပါ ပန်းကန်လုံးသည် မြောက်ပိုင်း ဆွန်မင်းဆက်ခေတ် ဘုရင့်ခုံရုံးတော်သုံး ရှားပါးကြွေထည်ပန်းကန်လုံးဖြစ်ပြီး လက်ရှိတွင် ယင်းသို့သော ပန်းကန်လုံးမျိုး လေးလုံးသာ ရှိနေတော့ကြောင်း လေလံရုံးအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly