ရွံစရာကောင်းတဲ့ကောင် စပိန်အသင်းကနေထွက်သွားဟု ပီကေးပြောဆိုခံရ

ရွံစရာကောင်းတဲ့ကောင် စပိန်အသင်းကနေထွက်သွားဟု ပီကေးပြောဆိုခံရ

 

အောက်တိုဘာ ၃၊ မက်ဒရစ်။                  ။ တနင်္ဂနွေနေ့ ကာတလန်အဖြစ်အပျက်ပြီးနောက် ယင်းကိုထောက်ခံသည့်၎င်း၏အပြုအမူမှာ လက်ရွေးစင်အသင်းကို တစ်စုံတရာ ထိခိုက်စေသည်ဆိုပါက စပိန်လက်ရွေးစင်အသင်းမှ   နုတ်ထွက်မည်ဟု ပြောဆိုခဲ့သည့် ဘာစီလိုနာနောက်ခံလူ ပီကေးမှာ တနင်္လာညတွင် စပိန်ပရိသတ်များ၏ ‘ရွံစရာကောင်းတဲ့ကောင် အသင်းကနေထွက်’ ဟု အော်ဟစ် ခံခဲ့ရသည်။

အသက် ၃၀ အရွယ် ပီကေးသည် တနင်္လာနေ့တွင် မက်ဒရစ်မြို့၌စပိန်အသင်းနှင့်ပူးပေါင်းခဲ့ပြီး ညနေပိုင်းတွင် မြို့စွန်ရှိ လက်စ် ရိုဇက်စ်၌ လေ့ကျင့်ခန်းဆင်းခဲ့သည်။

ကာတလန်ဒေသလွတ်လပ်ရေးရရေးဆန္ဒမဲခံယူပွဲပြီး ၂၄ နာရီအကြာတွင် ပီကေးကို မက်ဒရစ်မြို့ခံ များက လှောင်ပြောင်းခြင်းမှာ မထူးဆန်းသော်လည်း လေ့ကျင့်ခန်းအစီအစဉ်မှာ ၂၃ မိနစ်ဖြင့် ရပ်နားခဲ့ရသည်။

“ပီကေး ရွံစရာကောင်းတဲ့ကောင်၊ စပိန်ကမှ မင်းရဲ့နိုင်ငံကွ။ ပီကေး ရွံစရာကောင်းတဲ့ကောင် လက်ရွေးစင်အသင်းကနေ ထွက်သွား”ဟု ပရိသတ်အချို့က သံပြိုင်အော်ဟစ်ခဲ့ပြီး မန်ယူနောက်ခံ လူဟောင်းကို အချို့ကလည်း ခွေးမသားဟု အော်ဟစ် ဆဲဆိုခဲ့ကြသည်။

ပရိသတ်အချို့၏ စာတမ်းများကို ဒေသခံလုံခြုံရေးများကဖယ်ရှားပစ်ခဲ့ရပြီး အချို့ကလည်း ၎င်းတို့မှာ ကာတလန်နောက်ခံလူ၏ ရပ်တည်ချက်အပေါ် ဆန္ဒပြခြင်းသာဖြစ်သည်ဟု   ဒေသခံရုပ်သံလိုင်းသို့   ပြောသည်။

ပရိသတ်တစ်ဦးကမူ ‘ပီကေးကို ချစ်တယ်’ဟု အဓိပ္ပါယ်ရသည့်စာသားကို ဖုန်းမျက်နှာပြင်တွင် ရေးသားပြီး ထောက်ခံကြောင်း ပြသခဲ့သည်။

ပီကေးနှင့် စပိန်အသင်းကွင်းထဲမှထွက်ခွာရာတွင်လည်း ကွင်းအတွင်း အရာဝတ္ထုများ ကျရောက်ခဲ့သည်။ ကမ္ဘာ့ဖလားနှင့် ဥရောပ ဖလားချန်ပီယံအသင်းသားဖြစ်ခဲ့သည့် ပီပေးသည် ရုရှားကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်နေသည့် စပိန်အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦး ပြန်ဖြစ်လာနေသူဖြစ်သည်။

နိုင်ငံအသင်းအတွက် ၉၁ ပွဲကစားထားသည့်ပီကေးသည် လက်စ်ပါးမက်နှင့် ကွင်းပိတ်ကစားခဲ့ရမှု အပေါ်တွင်လည်း ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်လျှောက် အဆိုးဆုံး အတွေ့အကြုံဟု ဝေဖန်ခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly