ဒမက်စကက်မြို့က ရဲစခန်းတစ်ခု အသေခံဗုံးခွဲခံရ၍ ၁၁ ဦးထက်မနည်း သေဆုံး

ဒမက်စကက်မြို့က ရဲစခန်းတစ်ခု အသေခံဗုံးခွဲခံရ၍ ၁၁ ဦးထက်မနည်း သေဆုံး

 

အောက်တိုဘာ ၃ ။                ။ ဆီးရီးယားနိုင်ငံ မြို့တော် ဒမက်စကက်မှာ ရှိတဲ့ ရဲစခန်းတစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၁ ဦးထိ သေဆုံးသွားကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်းဖြစ်စဉ်မှာ အသေခံဖောက်ခွဲရေးသမားနှစ်ဦးက နိုင်ငံတောင်ပိုင်းဒေသ မိုင်ဒန်မှာ ရှိတဲ့ ရဲစခန်းတစ်ခုမှာ ၎င်းတို့ကိုယ်ကိုယ် ဖောက်ခွဲသွားခဲ့ကြခြင်းဖြစ်ကြောင်းနဲ့ အရပ်သားတွေအပါအဝင် ရဲတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ရကြောင်း ဆီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယင်းတိုက်ခိုက်မှုမှာ ရဲဝန်ထမ်း ခြောက်ဦးအပါအဝင် လူ ၁၁ ဦးထိ သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ထုတ်ပြန်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ခြောက်နှစ်ကြာ ပြည်တွင်းစစ်ကာလအတွင်း မြို့တော် ဒမက်စကက်ကတော့ ထူးထူးခြားခြားပဲ အဆိုးရွားဆုံး ထိခိုက်မှုတွေနဲ့ ရှောင်လွဲထားနိုင်ခဲ့တယ်ဆိုပေသော်ငြားလည်း ယခုလို ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့တော့ ကြုံတွေ့ထားခဲ့ရပါတယ်။

ယခုတိုက်ခိုက်မှုမှာ အသေခံဖောက်ခွဲရေးသမားနှစ်ဦးအနက် တစ်ဦးက ရဲစခန်းဝင်းအတွင်းထိ ရောက်လာခဲ့ပြီး ပထမထပ်မှာပဲ ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟာမက် ရှာအာက သတင်းထောက်တွေကို ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly