တေးရေး/တေးဆို ထပ်ဆင့် အကယ်ဒမီ ဓီရာမိုရ် နှင့်တွေ ့ဆုံခြင်း၊ အပိုင်း(၂)

တေးရေး/တေးဆို ထပ်ဆင့် အကယ်ဒမီ ဓီရာမိုရ် နှင့်တွေ ့ဆုံခြင်း၊ အပိုင်း(၂)

 

မေး .. မြန်မာသံနဲ့ဘိုသံရဲ ့ကွာခြားချက်ပေါ့။ မြန်မာသံက ဘာလို့ ကမ္ဘာမကျော်ဘဲ ဘိုသံက ကမ္ဘာကျော်ခဲ့ တာလဲ ။ အစ်ကို့ရဲ ့ဖြတ်သန်းမှုအတွေ့အကြုံနဲ့ပြောပြပေးပါလား ။

ဖြေ .. အဓိက ဘယ်အပေါ်မှာ သွားမူတည်မလဲဆိုတော့ အချက် ၂ချက်လောက် ပြောရမယ်ထင်တယ်။ ဘိုသံကျတော့ အရင်ကတည်းက ကမ္ဘာကိုလွှမ်းချင်တဲ့စိတ်ရှိခဲ့တယ်။ သူတို့က အပြိုင်အဆိုင်တွေ ဖန်တီးကြတယ် ။ တင်ပို့ကြတယ် မိတ်ဆက်ကြတယ် ။ အပြန်အလှန်တွေ လုပ်ကြတယ်ပေါ့နော်။ အနောက်တိုင်းရဲ့သဘောထားပေါ့။ ဥပမာ ဂျာမနီက တေးရေးဆရာတစ်ယောက်က အီတလီမှာလည်း နာမည်ကြီးချင်တယ်။ ဈေးကွက်နဲ့ အနုပညာလည်ပတ်မှုက ဒါမျိုးရှိပြီးသား။ မြန်မာ့ဂီတကြတော့ ပြောရမယ်ဆိုရင် နန်းတွင်းဂီတ လို့ပြောရမှာပေါ့နော် ။ သူက အားလုံးကို လည်ပတ်စေချင်တဲ့ဆန္ဒထက်ကို ဒီနန်းတွင်းထဲမှာ အဆင့်တန်းမြင့်မြင့်ရပ်တည်ဖို့အတွက်ကို ကြိုးစားခဲ့တယ် ။ ဒီ ၂ ခုကို ယှဉ်ကြည့်လိုက်မယ် ဆိုရင် ခေတ်တွေ ဥပမာ ၁၆ရာစု ၁၇၊၁၈၊၁၉ ရာစု ။ ဒီဘုရင်ခေတ်တွေလက်ထက် သူ့နဂိုမွေးဖွားပုံခြင်း ကိုက အဲဒီမှာထဲက ကွာနေပြီ။ အဲ့ဒီကာလက ကမ္ဘာကြီးက သူ့ဟာသူ ခြားနေတဲ့အခါကျတော့ သူ့ ဟာသူ ရှင်သန်နေတာပေါ ၊ ဒါပေမယ့် နန်းတွင်းဂီတက နန်းတွင်း အပြင်တောင် သိပ်ထွက်တဲ့ ဂီတ မဟုတ်ဘူးလေ။ နန်းတွင်းထဲမှာပဲ ပညာရှင်ကြီးတွေနဲ့ ထွန်းကားတဲ့ ဂီတကိုး။  ဒါပေမယ့် ကိုလိုနီခေတ် ၂၀ရာစုကို ရောက်လာတဲ့အခါကျ ကမ္ဘာက အရမ်းမြန်လာတယ် ။ တွေ့လာကြတယ် စီးလာကြတယ်။ သူတို့ ပုံစံတိုင်း စီးနိုင်သမျှ စီးမှာပဲ။ နောက်ပြီးတော့ ပေါ်ပြူလာ Music ဆိုတာနဲ့ Idea ကို စဉ်းစားကြည့်ရင် သူတို့ဆီမှာ အဖြေတစ်ခု ထွက်မယ်ထင်တယ် ။ နာမည်ကြီးအောင်၊ပိုပြီးတော့လူကြိုက်အောင် ပေါ်ပြူလာဖြစ်အောင် နောက် ဒီခန့်ညားမှုကို ပိုစီးဆင်းနိုင်အောင် ကြိုးပမ်းမှုပေါ့နော်။ မြန်မာ့ဂီတကျ ပေါ်ပြူလာဖြစ်ဖို့ထက်သူ့ဟာသူ ငြိမ်းငြိမ်းချမ်းချမ်း ခံစားချင်တဲ့ပုံမျိုး ရှိတာပေါ့လေ ။

ဒါပေမယ့် မြန်မာ့ဂီတက မြန်မာပြည်တွင်းမှာ အရမ်းထွန်းကားတယ်။ အဲ့လို ထွန်းကားလို့လည်း ကမ္ဘာ့ဂီတက ဝင်လာတာ အရမ်းနှေးတယ်။ သူများနိုင်ငံထက် စာရင်ပေါ့လေ ။ ၂၀ရာစု အလယ်ကျတော့ ရေဒီယိုခေတ် ထွန်းကားလာတယ်။ အရင်ဓာတ်ပြားခေတ်ထက် ပိုကျယ်ပြန့်လာတယ် ။ နောက်ပိုင်း နည်းပညာတွေ ထွန်းကားလာတဲ့ စတီဒီယိုခေတ်ပေါ့ ။ တိတ်ခွေတွေပေါ်လာတယ် ။ ပေါ်ပြူလာအရမ်းဖြစ်တဲ ့ Beatles တို့ ပေါ်လာတယ်။ တစ်ကမ္ဘာလုံးက သိလာတယ် ။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးတဲ့သူတွေ ပေါ်လာတယ် ။ အဲ့ချိန်က စပြီး တော့လည်း မြန်မာ့ဂီတက အားပြိုင်မှုတွေဖြစ်လာတယ်။ Rock တွေ ဝင်လာတယ် ။ လူငယ်တွေကလည်း ဒါကို လုပ်ချင်လာတယ် ။ နောက်ပြီးတော့ မြန်မာ့ဂီတကိုပ ဲဖက်တွယ်နေချင်သူတွေလည်း ရှိတယ်။ အဲ့၂ခုက အခွဲခံရတယ်ပေါ့ နော် ။ အဲ့မတိုင်ခင်ကတော့ ပေါင်းဖို့ကြိုးစားကြသေးတယ် ။ ဒါကတော့ ၂၀ရာစု အစောပိုင်းပေါ့။ ရွှေခေတ်လို့ခေါ်မှာပေါ့။ ဆရာကြီး မြို့မငြိမ်းတို့၊ ရွှေပြည်အေး ၊နန်းတော်ရှေ့ဆရာတင် တို့ ဒါက၂ခုပေါင်းပြီးလုပ်နိုင်တဲ့ ခေတ်။ နောက် အခွဲခံလိုက်ရတယ် ၊ စတီရီယို သွားမလား ၊ မိုနိုသွားမလား။ မိုနိုဆိုတာ အမှန်တော့ မြန်မာအသုံးအနှုန်းပေါ့ ။  မြန်မာသံကို အခြေခံတဲ့ဖက်သွားမလား၊ မြန်မာသံကိုအခြေ မခံတဲ့ဖက်သွားမလား ။ အခွဲခံရတော့ တကယ့်လူသားအရင်းအမြစ် လူငယ်တွေက အခွဲခံရတယ် တော်တော်များများကတော့ ခေတ်ပေါ်နေတဲ့ဘက် လိုက်ကြတယ် ။ ခုထက်ထိပဲလေ။ အဲတော့ ခုန ကမ္ဘာကျော်ခြင်း မကျော် ခြင်းနဲ့ ပြောမယ်ဆိုရင် မြန်မာ့ဂီတက ကိုယ့်နယ်ပယ်လေးထဲမှာပဲ ရှင်သန်တယ်။ သူများကို လွှမ်းမိုးဖို့မကြိုးစားဘူး။  ခုလက်ရှိမှာတော့ မြန်မာ့ဂီတကို ကမ္ဘာက စိတ်ဝင်စားပါတယ် ။ ဒါပေမယ့် ဘာလိုနေလဲဆိုတော့ လူသားအရင်းအမြစ် လိုနေတယ် ။ ဒီမြန်မာ့ဂီတကို မြှင့်တင်မယ့်လူငယ်တွေ ။ ဒါတွေက အများကြီးလိုတယ် ။ အဲ့လို လူတွေ အများကြီးပြန်စုနိုင်ရင်တော့ ဒီဖက်ကလည်း ဒါကအများကြီး ပြန်ဖြစ်လာမှာပေါ့လေ။

မေး ... ဟုတ်ကဲ့ အဲ့ဒီတော့ ကျွန်တော်တို့မြန်မာပြည်ပရိသတ်  အတွက် အကောင်းဆုံးအစာအဟာရ ဖြစ်မယ့်ဂီတ အမျိုးစားက ဘာဖြစ်မလဲ ။

ဖြေ ... အကြမ်းဖျဉ်းပြောမယ်ဆိုရင်တော့ မြို့ကြီးတွေမှာဆိုရင် ဒါကတော့ထုံးစံတိုင်း ခေတ်စားနေတဲ့ ဂီတတွေက ခေတ်အဆက်ဆက်လွှမ်းမိုးနေတယ်။ ပြောရမယ်ဆိုရင်တော့ ကြိုက်တဲ့သူတွေများတယ် ။ နယ်ဖက်တွေမှာကျတော့ မြန်မာ့ဂီတကို အခြေခံတဲ့သီချင်းမျိုးကို နားထောင်တဲ့လူက ပိုများတယ် ။ မြန်မာတွေ ကြိုက်တဲ့ဂီတကတော့ အမျိုးမျိုးပါပဲ ။ ရိုးရာကိုလည်း ကြိုက်တယ် ။ တချို့ကျ Rock ကြိုက်တယ် ။ တချို့ကျ Pop ကို ကြိုက်တယ် ။ မျိုးစုံပါပဲ ။

မေး .. အခုနောက်ပိုင်း အခွေတွေ ထွက်လာတာ ကျဲလာတာတွေ့ရတယ် ။ စရိတ်စကတွေကလဲ အရမ်းကြီးလာတယ် ။ အဲ့ဒီအပေါ်မှာ လူငယ်တွေက က့ို သီချင်းကိုယ် ဖေ့ဘုတ်ပေါ်ကနေ ဈေးအသက်သာဆုံး တင်လာကြတယ် ။ တချို့လည်း နာမည်တွေရလာကြတယ် ။ အဲ့ဒီဖြစ်နေတဲ့ဒီမြန်မာပြည်ရဲ့စီးပွားရေးနဲ့ အနုပညာအပေါ်မှာလည်း အစ်ကိုရဲ ့အမြင်လေးသိချင်ပါတယ်။

ဖြေ ... ဒါနိုင်ငံတကာမှာလည်း  အဲလိုပြသနာက ဖြစ်နေပါတယ် ။ ခုဟာ အင်တာနက် အရမ်းထွန်းကားလာတဲ့ အခါ အဲ့ဒီပြသနာက နိုင်ငံတိုင်းမှာ ရှိပါတယ် ။ ဒါပေမယ့် သူတို့က ဘာနဲ့ Save လုပ်လဲ ဆိုတော့ ပညာရပ်နဲ့ Online Store တွေလုပ်တယ် ။ အောင်မြင်အောင်လုပ်တယ် ။ လူတွေကလည်း အဲဒီကနေဝယ်ကြတော့ စီးပွားရေးကို ထိန်းချုပ်နိုင်တယ်ပေါ့။ မြန်မာပြည်မှာကျတော့ အဲ့ဒီမတိုင်ခင်ထဲက အင်တာနက် မထွန်းကားခင်မှာ ခိုးကူးဆိုတာပေါ်လာတယ် ။ အဲ့ထဲက စီးပွားရေးက တော်တော်ကျသွားပြီ။ Producer ဆိုတာ မရှိသလောက်ဖြစ်သွားပြီ ။ ဘာလို့ ဆို ထုတ်သမျှရှုံးတာကိုး။ အဲ့ဒီတော့ အဆိုတော်က ကိုယိ့ဟာကို ပိုက်ဆံမယူပဲဖြစ်ဖြစ် အဆင်ပြေအောင်လုပ်ရတယ် ။ ခိုးကူးခွေကနေ နောက်တဆင့်ပိုဆိုးလာတာကတော့  Online Store တွေက အဆင်သင့်မဖြစ်သေးဘဲနဲ့ Facebook က ပေါ်လာတယ် ။ အဲ့ဒီက Share လုပ်လို့ရတော့ သီချင်းတစ်ပုဒ်က အလကား၊ အလကား လို့လူတွေရဲ ့ စိတ်ထဲမှာ။ ဒါဟာ အဲ့လိုသဘောမျိုးသွားနေတာ။ အခု လက်ရှိအနေအထားဆိုရင်တော့ ဒါ အန္တရာယ် ရှိတဲ့အနေထား ။ စီးပွားရေးဖက်ကို သေချာ ဖမ်းမဆုပ်နိုင်ဘူး ဆိုရင်တော့ ဒီလိုပဲမျောပြီးတော့ အခြေနေက ကောင်းလာမှာမဟုတ်တော့ဘူးလို့ထင်ပါတယ် ။ အဲဒါကြောင့်လဲ အခွေထွက်တာ ကျဲလာတာပေါ့နော် ။ ဘာလို့ဆို ထုတ်တာနဲ့ရှုံးမယ်ဆိုတဲ့   အဖြေသာ သူ့ဟာသူ ထွက်ပြီးသားဖြစ်နေတာပေါ့နော်.။

  အပိုင်း (၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/32357

Mizzima Weekly