မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ဆုရအငြိမ့်အဖွဲ့ အတွေ့အကြံုရှင်းလင်း

မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ဆုရအငြိမ့်အဖွဲ့ အတွေ့အကြံုရှင်းလင်း

ရန်ကုန် စက်တင်ဘာ ၂၉ ။             ။ မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ဆုရအငြိမ့်အဖွဲ့ များ၏ အတွေ့အကြုံနှင့်ပတ်သက်ပြီး ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ပိုင်းက ရန်ကုန်မြို့၊ Ochid ဟိုတယ်တွင် စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် လွတ်လပ် စွာပြောဆိုဝေဖန်ခွင့်နှင့်အတူ မြန်မာ့အငြိမ့် လောက ဖွံဖြိုးရှင်သန်စေရန်ရည်ရွယ်ချက်ဖြင့် ယင်းအငြိမ့်ပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီး ဋ္ဌာနနှင့် ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ခေတ်နဲ့ဆိုတော့ ကျွန်တော်တို့က ထောင်နှုတ်ခမ်းနားနီးတယ်၊ ပြတ်လုံးပြတ်ရတာ တိုတိုပြောရင် ထောင်ထဲထိသွားခဲ့ရတယ်၊ အခု သူတို့လူငယ်တွေ ပြတ်လုံးပြတ်တာ ကျွန်တော် ကိုယ်တိုင် ကြည်နူးရတယ်၊ နောက်တစ်ခုက သူတို့က ပြီးခဲ့တဲ့အစိုးရတွေကို ထိုင်ပြီးတော့ ဥပမာဦးသိန်းစိန်အစိုးရ၊ ဦးသန်းရွှေအစိုးရ အဲဒါ တွေကို ထိုင်အပြစ်ပြောနေပြီးတော့မှ ရယ်စရာ လုပ်တဲ့ကလေးတွေ မဟုတ်ကြဘူး၊ အဲဒါက လက်ငင်းဘဝကိုထင်ဟပ်တဲ့ပုံရိပ်ပဲ၊ ဒါကြောင့် သူတို့ပြတ်လုံးတွေ ကျွန်တော်ကြက်သီးထ အောင် ကြိုက်တယ်" ဟု လူရွှင်တော်ဇာဂနာ က ပြောသည်။

မြန်မာ့ဒီမိုကရေစီပွဲတော်၊ အငြိမ့်ပြိုင်ပွဲကို ရန်ကုန်၊မန္တလေးအပါအဝင် အခြားမြို့ကြီး များတွင် ကျင်းပခဲ့ပြီး၊ ဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာလ၂ဝရက်နှင့် ၂၁ရက်နေ့တွင်  ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြု လုပ်ခဲ့သည်။ မြန်မာ့ ဒီမိုကရေစီပွဲတော်အငြိမ့် ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်တွင် ဇွဲအငြိမ့်အဖွဲ့က အဖွဲ့လိုက် အကောင်းဆုံးပထမဆု၊ အကောင်း ဆုံး လူရွှင် တော်ဆု၊ ပရိသတ်အကြိုက်ဆုံး လူရွှင်တော်ဆု၊ မျိုးဆက်သစ်အဖွဲ့ဆုတို့ကို ရရှိခဲ့သည်။ ခေတ်သစ် ကြေးမုံအငြိမ့်အဖွဲ့က အဖွဲ့လိုက်အကောင်းဆုံး ဒုတိယဆုနှင့် အကောင်းဆုံးဆိုင်းအဖွဲ့ဆုတို့ ကိုရရှိခဲ့ကာ ရွှေညာမြေမှကြယ်ပွင့်များအဖွဲ့က အဖွဲ့လိုက်အကောင်းဆုံး တတိယဆုနှင့် အကောင်းဆုံးမင်းသမီးဆုတို့ ရရှိခဲ့သည်။

" ပြတ်လုံးကတော့ အမျိုးမျိုးရှိတယ်၊ ကျွန်တော် တို့နိုင်ငံအတွက် လိုအပ်တာကို ထောက်ပြတဲ့ ပြတ်လုံးသဘောတရားနဲ့ဟာသဖြစ်အောင် ထောက်ပြတာ ရှိသလို၊ တစ်ခြားပြတ်လုံး၊ နိုင်ငံရေးမပါတဲ့ ပြတ်လုံးအမျိုး အစားတွေ လည်း ရှိတယ်၊ ကျွန်တော်ကတော့ ပထမပြော တဲ့ ပြတ်လုံးအမျိုးအစားတွေကို အားရတယ်" ဟု ပထမဆုရဇွဲအဖွဲ့အငြိမ့်မှ လူရွှင်တော် ဒိုပေါက်က ပြောသည်။

ယင်းစာနယ်ဇင်းရှင်းလင်းပွဲကို လူရွှင်တော် ဇာဂနာနှင့် ဆုရအငြိမ့်အဖွဲ့သားများဦးဆောင် ရှင်းလင်းခဲ့ကြပြီး၊ ဝါရင့်လူရွှင်တော်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေး သမားများ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly