ဂျာမနီမှာ အမျိုးသားတစ်ဦးက အဆိပ်ခတ်ထားတဲ့ ကုန်ပစ္စည်းတွေ စတိုးဆိုင်တွေမှာ လိုက်ထားမယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်

ဂျာမနီမှာ အမျိုးသားတစ်ဦးက အဆိပ်ခတ်ထားတဲ့ ကုန်ပစ္စည်းတွေ စတိုးဆိုင်တွေမှာ လိုက်ထားမယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်

 

စက်တင်ဘာ ၂၉ ။                 ။  ဂျာမနီနိုင်ငံမှာ အမည်မသိအမျိုးသားတစ်ဦးက သူ့ကို ငွေမပေးဘူးဆိုရင် အဆိပ်ခတ်ထားတဲ့ ကုန်ပစ္စည်းတွေ တစ်နိုင်ငံလုံးက စူပါမားကတ်တွေမှာ လိုက်ထားပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်မှုတစ်ခုပေါ်ပေါက်လာခဲ့တယ်လို့ အာဏာပိုင်တွေ ဗျာများနေလျက်ရှိတယ်လို့ သိရပါတယ်။

ယင်း ခြိမ်းခြောက်မှု ထွက်ပေါ်လာပြီး နိုင်ငံတောင်ပိုင်းမြို့ ကွန်စတန်းမြို့က ရဲတပ်ဖွဲ့ဝင်တွေက ယင်းခြိမ်းခြောက်မှုအန္တရာယ်ကို  ပြည်သူတွေပူးပေါင်းကာကွယ်ပေးရေး တိုက်တွန်းနှိုးဆော်ထားခဲ့ပါတယ်။

အဆိုပါ ငွေညှစ်ခြိမ်းခြောက်မှုတစ်ရပ် ရထားတယ်ဆိုတဲ့ သတင်းတွေ ရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေအနေနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ရပါတယ်။ ဒါ့အပြင် ယခုခြိမ်းခြောက်မှု အန္တရာယ်ဟာ ဂျာမနီအပြင် အခြား ဥရောပနိုင်ငံတွေထိပါ ကူးစက်ပြန့်နှ့ံ့သွားနိုင်တယ်လို့ ၎င်းတို့က သတိပေးခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ရဲတပ်ဖွဲ့နဲ့ စတိုးဆိုင်လုပ်ငန်းအချို့ထံ အမည်မသိအမျိုးသားတစ်ဦးက ခြိမ်းခြောက်ငွေညှစ်ထားတဲ့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့တယ်လို့ သိရပြီး ယင်းစာထဲမှာတော့ အဆိပ်ခတ်ထားတဲ့ ကုန်ပစ္စည်းတွေ အဆင်သင့်ရှိနေပြီဆိုတဲ့အကြောင်းပါ ထည့်သွင်းရေးသားထားတယ်လို့ သိရပါတယ်။

နိုင်ငံတောင်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ဖရီးဒရစ်ရှ်ရှာဖန်မြို့က ရဲတွေဟာလည်း မြို့တွင်းရှိ ဆိုင်တွေမှာ ရောင်းနေတဲ့ ကုန်ပစ္စည်းတွေကို ဝင်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စီစီတီဗွီ ပြကွက်တစ်ချို့အရ စူပါမားကတ်တစ်ခုအတွင်း ခြင်းတစ်ခုကိုင်ထားသည့် မသင်္ကာဖွယ်အမျိုးသားတစ်ဦးကို တွေ့ရှိထားရတာကြောင့် ပြည်သူတွေကိုလည်း ယင်းအမျိုးသားကို ဝိုင်းဝန်းဖော်ထုတ်ပြီး ဖမ်းဆီးပေးဖို့ ရဲတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်သူအားလုံးအနေနဲ့ သတိရှိစွာ နေထိုင်ကြဖို့၊ ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာလည်း သေသေချာချာ စစ်ဆေးဝယ်ယူကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ခြိမ်းခြောက်ငွေညှစ်ထားတဲ့အမျိုးသား တောင်းဆိုထားတဲ့ငွေကြေးပမာဏ အတိအကျကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိပေမယ့် အနည်းဆုံးတော့ ယူရို ၁၀ သန်း ဖြစ်တယ်လို့ ပြောထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags