သံတမန်များသွားရောက်လေ့လာမည့်နေ့ ရခိုင်ပြည်နယ်တွင် ရာသီဥတု ဆိုးရွားနေ

သံတမန်များသွားရောက်လေ့လာမည့်နေ့ ရခိုင်ပြည်နယ်တွင် ရာသီဥတု ဆိုးရွားနေ
စစ်တွေမြို့ ကမ်းနားလမ်းအား တွေ့ရစဉ် ။ ဓာတ်ပုံ - သူရ / မဇ္ဈိမ

 

ရန်ကုန်၊စက်တင်ဘာ၂၉ ။                      ။ ယမန်နေ့စက်တင်ဘာ(၂၈)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို နိုင်ငံတကာသံတမန်အဖွဲ့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း မသွားဖြစ်ဘဲရွေ့ဆိုင်းခဲ့ရခြင်းအပေါ် မီဒီယာများတွင် မတူညီသော တင်ပြချက်များ ထွက်ပေါ်ခဲ့ပြီး မဇ္ဈိမအနေဖြင့် ရာသီဥတုဆိုးရွားနေခြင်းကို မြေပြင်အခြေအနေအရ အတည်ပြုနိုင်ခဲ့သည်။

ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး BBCက "အကြောင်းပြချက်မရှိရပ်ဆိုင်း"ဟု ဖော်ပြခဲ့သည်။ အခြားမီဒီယာအချို့တွင်မူ "ရာသီဥတုအခြေအနေအရပြောင်းရွေ့ခဲ့ရ"ကြောင်း ဖော်ပြခဲ့ကြသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက် ဇေယျာမော်ကို မေးမြန်းခဲ့သည်။

"မနက်မိုးလင်းကတည်းကမိုးတွေက တော်တော်ကိုရွာနေတယ်။ လေလည်းနည်းနည်းပြင်းတယ် ။ တစ်နေကုန်တောက်လျောက်ကိုရွာနေတာ နည်းနည်းစဲသွားလိုက် ပြန်ပြီးရွာလိုက်ပေါ့"ဟု ဇေယျာမော်က ဆိုသည်။

ထို့အပြင် နိုင်ငံတကာသံတမန်များ လာရောက်မည်ကို သတင်းရယူရန် စက်တင်ဘာ(၂၈)ရက်နေ့ မနက်(၇)နာရီအချိန်တွင် စစ်တွေလေဆိပ်ကို သွားရောက်စောင့်ဆိုင်းခဲ့ချိန်တွင်လည်း   လေယာဉ်များပျံသန်းခြင်း မရှိဘဲ ရှင်းနေကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စက်တင်ဘာလ(၂၈)ရက်နေ့ တစ်နေ့တာလုံး ရာသီဥတု ဆိုးနေခဲ့ပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ရခိုင်ပြည်နယ်အနီး၌ မုန်တိုင်းဖြစ်ရန်အလားအလာရှိနေသည်ဟု မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ဖော်ပြထားသည်။

"မနေ့တုန်းက အစီစဉ်လုပ်တယ်။ လေယာဉ်ကွင်းမှာ(၆)နာရီက စောင့်တယ် ။ကျွန်တော်လည်းပါတယ်။ အဲဒီကနေ ရေယာဉ်နဲ့စုသွားမယ်။ ဟိုရောက်လို့ရှိရင် ရဟတ်ယာဉ်သုံးစီးခွဲသွားမယ် ။အကုန်လုံးစီစဉ်ထားတယ်။ ဒါပေမယ့်မိုးလေဝသအခြေအနေဘယ်လိုမှ မပေးဘူး"ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၊   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးက ပြောပြသည်။

အဆိုပါနေ့တွင် သံတမန်များဘက်မှ ရာသီဥတုအခြေအနေအရ ရခိုင်ပြည်နယ်သို့သွားရောက်မည့် ခရီးစဉ်ကို ရွေ့ဆိုင်းပေးရန်  စတင်တောင်းဆိုခဲ့ကြောင်း၊သံတမန်အားလုံး၏ သဘောတူညီချက်အရ အဆိုပါခရီးစဉ်ကို အောက်တိုဘာလ(၂)ရက်နေ့သို့ ပြောင်းရွေ့စီစဉ်လိုက်ခြင်းလည်းဖြစ်ကြောင်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လူမှုကွန်ယက်တွင်ပြောထားသည်။

၎င်းခရီးစဉ်သည် အစိုးရတာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ သံတမန် (၅၀)တို့ က အကြမ်းဖက်တိုက်ခိုက်မှုခံရသော ရခိုင်ပြည်နယ်သို့ ရန်ကုန်မြို့မှ သွားရောက်လေ့လာရန် စီစဉ်ထားသည့် ခရီးစဉ်လည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly