ထရမ့်၏ ခေါင်းဆောင်အပေါ် ထိုးနှက်မှုများကြောင့် တစ်ပတ်အတွင်း စစ်ထဲဝင်ရန် စာရင်းပေးသူ ငါးသန်းနီးပါး ရှိဟု မြောက်ကိုရီးယား ပြော

ထရမ့်၏ ခေါင်းဆောင်အပေါ် ထိုးနှက်မှုများကြောင့် တစ်ပတ်အတွင်း စစ်ထဲဝင်ရန် စာရင်းပေးသူ ငါးသန်းနီးပါး ရှိဟု မြောက်ကိုရီးယား ပြော

ပြုံယမ်း၊ စက်တင်ဘာ ၂၉ ။                    ။ ပြီးခဲ့သည့် သီတင်းပတ်က စပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုစကားများကို   မြောက်ကိုရီးယား ခေါင်းဆောင်က   ပြန်လှန်ထိုးနှက်   နေခဲ့ရချိန်ကနောက်ပိုင်း စစ်တပ်ထဲ ဝင်ရောက် စာရင်းပေးလာကြသည့် မြောက်ကိုရီးယားပြည်သူပေါင်းက တစ်ပတ်အတွင်း ၄ ဒဿမ ၇ သန်းခန့် ရှိကြောင်း Rodong သတင်းစာက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြသည်။

ထိုသို့ မြောက်ကိုရီးယား ပြည်သူ့စစ်တပ်သို့ ဝင်ရောက်ရန် စာရင်းပေးကြရာတွင် အမျိုးသမီးဦးရေက ၁ ဒဿမ ၂၂ သန်းရှိပြီး ကျောင်းသားနှင့် အလုပ်သမားများလည်း အပါအဝင်ဖြစ်ကြောင်း အစိုးရအာဘော်သတင်းစာက ရေးသည်။

မြောက်ကိုရီးယားကို လုံးဝချေမှုန်းဖျက်ဆီးပစ်မည်ဟု ကုလသမဂ္ဂတွင် ပြောခဲ့သည့် ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းကို ဝေဖန်တုံ့ပြန်သည့် ထုတ်ပြန်ချက်အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က ထုတ်ပြန်လိုက်သည်။

ထရမ့်သည် သူငယ်နာပြန်နေသူဟု ကင်ဂျုံးအွန်က ပြောဆိုထားကာ အမေရိကန်သမ္မတ စော်ကားမော်ကား လုပ်သည်ဟု မှတ်ယူစရာဖြစ်သည်နှင့် အမြင့်ဆုံးအဆင့် တုံ့ပြန်သွားတော့မည်ဖြစ်ကြောင်း   ပြောထားသည်။

မြောက်ကိုရီးယား မီဒီယာများသည် တင်းမာမှုများ မြင့်တက်သည့် ကာလများ၌ ၎င်းတို့၏ ပြည်သူများ စစ်ထဲဝင်ရန် စာရင်းပေးသည့် သတင်းများကို ပုံမှန်ဖော်ပြလေ့ရှိသည်။

မြောက်ကိုရီးယား၏ ဇူလိုင်လအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ချိန် သြဂုတ်လအတွင်းကလည်း ထိုသို့ စစ်ထဲဝင်ရန် စာရင်းပေးသည့် သတင်းများကို နောက်ဆုံးဖော်ပြထားဖူးသည်။

ကင်ဂျုံးအွန်က စက်တင်ဘာ ၃ ရက် နျူကလီးယား စမ်းသပ်မှုအပါအဝင် လက်နက်စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့ရာ ဝါရှင်တန်နှင့် ပြုံယမ်းကြား အပြန်အလှန် စကားလုံးစစ်ပွဲများ သီတင်းပတ်ကြာ ဖြစ်ပွားနေရာ ကိုရီးယားကျွန်းဆွယ်အရေးက တင်းမာမှုအရှိန် မြင့်သထက် မြင့်တက်နေသည်။

သမ္မတ ထရမ့်က ဝါရှင်တန်အနေဖြင့် မရွေးချယ်ချင်သည့် လမ်းကြောင်းဖြစ်သော်လည်း အမေရိကန်စစ်ရေးအရေးမှုက မြောက်ကိုရီးယားအတွက် ယူကျုံးမရ ဖြစ်သွားနိုင်ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly