ARSA အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် ဘာသာရေးနှင့် ပတ်သက်ခြင်း မရှိဟု ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကြေညာ

ARSA အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် ဘာသာရေးနှင့် ပတ်သက်ခြင်း မရှိဟု ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ကြေညာ

စက်တင်ဘာလ ၂၈ ။             ။ ARSA အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် ဘာသာရေးနှင့် ပတ်သက်ခြင်း မရှိဟု အလေးအနက် ခံယူ ကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ သဘောထားကြေညာချက်  ယနေ့ ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ (၁၉) ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် စပ်လျဉ်း၍ သဘောထားကြေညာချက်ကို ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

“ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါသည်။ ထိုသို့ အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် ထိခိုက်နစ်နာစေသည့် အကြမ်းဖက်လုပ်ရပ်ကို ဘာသာတရားအသီးသီးက ခွင့်ပြုထားခြင်း မရှိကြပါ။ ထို့ကြောင့် ၎င်းတို့လုပ်ရပ်သည် ဘာသာရေးနှင့် ပတ်သက်ခြင်း မရှိဟု အလေးအနက် ခံယူပါသည်” ဟု ပါရှိသည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)သည် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သူများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပြီး နေရပ်စွန့်ခွာနေကြရသူများ အားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းနှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝ ထောက်ခံကြိုဆို၍ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သဘောထားထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly