၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဂျပန်သတင်းထောက် သေဆုံးခြင်း ၁၀ နှစ်ပြည့် လှုပ်ရှားမှုပြုလုပ်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဂျပန်သတင်းထောက် သေဆုံးခြင်း ၁၀ နှစ်ပြည့် လှုပ်ရှားမှုပြုလုပ်

ရန်ကုန် စက်တင်ဘာ ၂၇ ။            ။ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဂျပန်လူမျိုး သတင်းထောက် မစ္စတာ နာဂါအိ သေဆုံးခဲ့ခြင်း ၁၀ နှစ်ပြည့်အနေဖြင့်   မြန်မာနိုင်ငံသတင်းသမားများကာကွယ်ရေး ကော်မတီက ဦးဆောင်ပြီး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ယနေ့ စက်တင်ဘာ ၂၇ ရက် နေ့က နာဂါအိ၏ ပုံတူပန်းချီကား၊ သတင်းသမားများ လက်မှတ်ရေးထိုးထားသည့် ဗီနိုင်းပိုစတာများနှင့် အမှတ်တရပစ္စည်းများကို မြန်မာနိုင်ငံ ဂျပန်သံရုံးကတစ်ဆင့် ၎င်း၏ မိသားစုထံ ပေးပို့ခဲ့ကြသည်။

ထို့ပြင် မစ္စတာနာဂါအိ ပစ်သတ်ခံရသည့်နေရာ ဆူးလေကုန်းတံတားအနီးတွင် အမှတ်တရ ပန်းဆီးချခြင်း၊ ဂါရဝပြုခြင်းများနှင့် ဆုတောင်း ခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

"၂၀၀၇ စက်တင်ဘာတုန်းက သူဟာ လက် ထဲမှာ ကင်မရာလေးတစ်လုံးပဲ ကိုင်ထားတယ်။ ဂျပန်နိုင်ငံသား ဆိုတာထက် သူက သတင်းသမားဖြစ်တယ်။ လက်ထဲမှာ ကင်မရာ ကိုင်ထားတဲ့လူတစ်ယောက်ကို ရက်ရက်စက်စက် သေနတ်နဲ့ပစ်သတ်ခံရတယ်။ သူ့ကင်မရာကို မိသားစုက ပြန်မရသေးဘူး။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အနစ်နာခံခဲ့သူတစ်ဦး ဖြစ်တယ်။ သေသွားတဲ့သတင်းသမားတစ်ဦး ကို မမေ့မလျော့ဘူး။ ဂုဏ်ပြုနေတာ ပြချင်တာ ပါ" ဟု မြန်မာနိုင်ငံသတင်းသမားများ ကာကွယ်ရေးကော်မတီအဖွဲ့ဝင် မလှလှဝင်း က ပြောသည်။

ထို့ပြင် သတင်းသမားများ၏ လုံခြုံရေးအနေ အထားမှာ စိုးရိမ်နေရသေးပြီး ခက်ခဲသည့် စိန်ခေါ်မှုများလည်း ရှိနေသေးသသည် ဟု သတင်းထောက် မလှလှဝင်းက ဆက်ပြော သည်။

"ကျွန်မတို့မီဒီယာသမားတွေဟာ အသက်ကို ရင်းပြီး သတင်းယူနေရတဲ့အခြေအနေတွေက တစ်ချို့ မငြိမ်းချမ်းတဲ့နေရာမှာဆိုရင် မသေချာသေးဘူး။ သေချင် သေသွားနိုင်တယ်။ လက်ရှိမှာ ပွင့်လင်းတဲ့မီဒီယာ လွတ်လပ်ခွင့်ရပေမယ့် အပြည့်အဝ မရသေးဘူး။ ဒီထက် ခက်ခဲတဲ့ပြသနာတွေ ကျွန်မတို့ရင်ဆိုင်လာရတယ်။ ၆၆ (ဃ) လိုဟာမျိုးပေါ့" ဟု မလှလှဝင်း က ပြောသည်။

ဂျပန်လူမျိုးသတင်းထောက် နာဂါအိသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က ရွှေဝါရောင် တော်လှန်ရေးကာလအတွင်း သတင်းရိုက်ကူးနေစဉ် လုံခြုံရေးတပ်ဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

မစ္စတာနာဂါအိသည် ဂျပန်နိုင်ငံ အေးဟီမဲခရိုင် အီမဘာရီမြို့တွင် ၁၉၅၇ ခုနှစ်က မွေးဖွားခဲ့ပြီး သေဆုံးချိန်တွင် အသက် ၅၀ ရှိပြီဖြစ်သည်။ ၎င်း သေဆုံးပြီးနောက် ရုပ်အလောင်းကို ဂျပန် နိုင်ငံသို့ သယ်ဆောင်လာပြီး ဂျပန်ရဲဌာနက ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခဲ့ပြီးနောက် မစ္စတာနာဂါအိသည် တစ်မီတာအတွင်းမှာ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။

၎င်း၏ အုတ်ဂူကို မွေးဖွားရာမြို့ဖြစ်သည့် အီမဘာရီမြို့၏ အိုတာနီသချုႋင်းတွင် ထားရှိပြီး ၎င်း၏ အုတ်ဂူရှေ့တွင် သေဆုံးသွားစဉ်က ကိုင်ဆောင်ထားသည့် ဆိုနီ ဒစ်ဂျစ်တယ် ကင်မရာပုံစံတူကိုလည်း ကျောက်သားဖြင့် ထုလုပ်ထားသည်။

၎င်း၏မိတ်ဆွေများက မစ္စတာ နာဂါအိ၏ ကင်မရာနှင့် တိတ်ခွေပြန်ရရန်တွက် လက်မှတ် တစ်သိန်းကျော် စုဆောင်းပြီး တိုကျို မြန်မာ သံရုံးကနေတဆင့် မြန်မာအစိုးရထံ တောင်းဆိုခဲ့သော်လည်း ယနေ့တိုင် မရရှိသေးသည့် အပြင် မစ္စတာ နာဂါအိ၏ မိဘများနှင့် ဂျပန်အစိုးရကိုလည်း မြန်မာအစိုးရက တရားဝင် တောင်းပန်ခြင်း၊ လျော်ကြေးပေးခြင်း ယနေ့ထိ မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly