ဒူဘိုင်း၊ စက်တင်ဘာ ၂၇ ။ ။ ယူအေအီးနိုင်ငံမှာ ခေတ်ရှေ့ဆောင် မောင်းသူမဲ့ လေပေါ်ဝဲ တက္ကစီတွေ ပြေးဆွဲဖို့ ရည်မှန်းလုပ်ဆောင်နေတာ အကောင်အထည်ပေါ်ဖို့ မဝေးတော့ပါဘူး။
စက်တင်ဘာ ၂၅ ရက်မှာ မောင်းသူမဲ့ လေပေါ်ဝဲ တက္ကစီတွေကို ခရီးသည်မပါသေးပေမယ့် စမ်းသပ်ပြေးဆွဲကြည့်ရာမှာ အောင်မြင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဘေးကင်းလုံခြုံရေးကို ဦးစားပေးတဲ့ မောင်းသူမဲ့ လေပေါ်ဝဲ တက္ကစီတွေဟာ ထိုင်ခံနှစ်လုံးပါပြီး အရေးပေါ် လေထီးတွေလည်း ပါရှိပါတယ်။ ဒီအပြင် အထူးဘက်ထရီစနစ် ကိုးခုပါကြောင်း ဒူဘိုင်း လမ်းနှင့် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ RTA က ပြောပါတယ်။
ခေတ်ရှေ့ပြေး လေပေါ်ဝဲ တက္ကစီတွေကို ဂျာမနီအခြေစိုက် Volocopter က နည်းပညာ ပံ့ပိုးတာဖြစ်ပြီး တစ်နာရီ ၆၂ အမြင့်ဆုံး အရှိန်နှုန်းနဲ့ မိနစ်ကိုးဆယ်ကြာ ဝဲပျံနိုင်ပါတယ်။
လေပေါ်ဝဲ တက္ကစီတွေကို ဒူဘိုင်းမြို့ရဲ့ မြေအောက်ရထား၊ ဓာတ်ရထားနဲ့ ဘတ်စ်ကား စတဲ့ ရှိဆဲ ပြည်သူ့သယ်ယူပို့ဆောင်ရေးကွန်ရက်မှာ ထည့်သွင်းဝန်ဆောင်မှုပေးဖို့ RTA က ရည်မှန်းထားပါတယ်။
ခရီးသည်တွေအနေနဲ့ အက်ပရီကေးရှင်းသုံးပြီး လေပေါ်ဝဲ တက္ကစီတွေ လက်မှတ်ဝယ်ယူကာ သွားလိုရာ လမ်းကြောင်းအတိုင်း သွားရောက်နိုင်မှာ ဖြစ်ပါတယ်။
လေပေါ်ဝဲ တက္ကစီ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို စမ်းသပ်ကာလ ငါးနှစ်တာ လုပ်ဆောင်သွားဖို့ အာဏာပိုင်တွေက မှန်းဆထားပြီး ဘေးကင်းလုံခြုံမှု အပြည့်နဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်မှာ ထည့်သွင်းသွားဖို့ ရှိပါတယ်။
လက်ရှိ ကမ္ဘာမှာ အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ Burj khalifa အဆောက်အအုံရှိရာ ဒူဘိုင်းမြို့တော်ဟာ ပင်လယ်ကွေ့ ယူအေအီးနိုင်ငံရဲ့ တိုးရစ်ခရီးသွားတွေ လာရောက်မှု အများဆုံးအရပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ဧည့်သည် ၁၅ သန်းနီးပါး ရောက်ရှိခဲ့ပါတယ်။