အန်ဂိုလာနိုင်ငံကို နှစ်ပေါင်း ၃၈ နှစ်ကြာ အုပ်ချုပ်နေခဲ့တဲ့ သမ္မတ အက်ဒွါဒို ဒေါ့စ်ဆန်းတို့စ် အာဏာလက်လွှတ်

By AFP
27 September 2017
အန်ဂိုလာနိုင်ငံကို နှစ်ပေါင်း ၃၈ နှစ်ကြာ အုပ်ချုပ်နေခဲ့တဲ့ သမ္မတ အက်ဒွါဒို ဒေါ့စ်ဆန်းတို့စ် အာဏာလက်လွှတ်

 

စက်တင်ဘာ ၂၇ ။               ။ အာဖရိကတောင်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အန်ဂိုလာနိုင်ငံရဲ့ သမ္မတအဖြစ် နှစ်ပေါင်း ၃၈ နှစ်ကြာ တာဝန်ယူအုပ်ချုပ်ခဲ့တဲ့ အက်ဒွါဒို ဒေါ့စ်ဆန်းတို့စ် ယခုအခါ အာဏာလက်လွှတ်သွားပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၆ ရက်က မြို့တော် လွီဝမ်ဒါမှာ ကျင်းပတဲ့ အခမ်းအနားမှာ ၎င်းရဲ့နေရာ ဆက်ခံမယ့်သူအဖြစ် ၎င်းကိုယ်တိုင် ရွေးချယ်ပေးသွားခဲ့တဲ့ ဂျောင် လော်ရန်ကိုက နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကျမ်းကျိန်သွားခဲ့ပါတယ်။

နိုင်ငံမှာ  ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ MPLA ပဲ ဆက်လက်အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း လော်ရန်ကိုအနေနဲ့ ပါတီတွင်းမှာ အာဏာရလာခဲ့တာဖြစ်ပါတယ်။ ယခု ကျမ်းကျိန်ပွဲမှာတော့ သူ့အနေနဲ့ နိုင်ငံရဲ့ သမ္မတ တာဝန်ကို အစွမ်းကုန်ထမ်းဆောင်သွားပါ့မယ်ဆိုပြီး ကတိပြုသွားပါတယ်။

ယခုအချိန်မှာ ကျန်းမာရေး ချို့ယွင်းလာနေပြီဟု သတင်းများ လှိုင်လှိုင်ထွက်ပေါ်နေခဲ့တဲ့ သမ္မတဟောင်း ဒေ့ါစ်ဆန်းတို့စ်လည်း အဆိုပါ သမ္မတသစ်ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့ပါတယ်။ သူ့အနေနဲ့ နိုင်ငံကို နှစ်ပေါင်းများစွာကြာ တာဝန်ယူအုပ်ချုပ်ပေးခဲ့ပြီးဖြစ်လို့ အနားယူတော့မယ်ဆိုပြီး ယခုနှစ်အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့တာကြောင့် ပြည်သူအများ အံ့အားသင့်ခဲ့ကြရပါတယ်။

လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်တုန်းက ပေါ်တူဂီလက်ထဲကနေ အန်ဂိုလာတို့ လွတ်လပ်ရေး ရယူခဲ့တဲ့နောက်ပိုင်း ယင်းနိုင်ငံမှာ အန်ဂိုလာ လွတ်မြောက်ရေး ပြည်သူ့လှုပ်ရှားမှု ပါတီ MPLA က တောက်လျှောက် အာဏာရ အုပ်စိုးထားခဲ့တာဖြစ်ပါတယ်။

သမ္မတဟောင်း ဒေ့ါစ်ဆန်းတို့စ်ကတော့ ၁၉၇၉ ခုနှစ်ကတည်းက နိုင်ငံမှာ အာဏာရလာခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ရှိအချိန်မှာ သမ္မတသစ် ဖြစ်လာတဲ့ လော်ရန်ကိုဟာ မကြာသေးမီကမှ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားခဲ့သူဖြစ်ပြီး သူ့လက်ထက်မှာတော့ နိုင်ငံစီးပွားရေးတိုးတက်မှုကို အလေးပေးဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုှပ်နှံမှု ပိုမိုရရှိအောင် ကြိုးပမ်းပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly