ကာဒစ္စတန်ဒေသ လွတ်လပ်ရေး ဆန္ဒခံယူပွဲအား အမေရိကန် မလိုလား၍ ကန့်ကွက်

ကာဒစ္စတန်ဒေသ လွတ်လပ်ရေး ဆန္ဒခံယူပွဲအား အမေရိကန် မလိုလား၍ ကန့်ကွက်

ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ။             ။ အီရတ်နိုင်ငံအတွင်း ကာဒစ္စတန်နယ်မြေတွင် လွတ်လပ်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာ အမေရိကန်က မလိုလား၍ ဆန့်ကျက်ထားပြီး အီရတ်၏ စုစည်းမှုနှင့် ဖွံ့ဖြိုးကြွယ်ဝမှုကိုသာ ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

"အီရတ်ရဲ့ စုစည်းမှု၊ ဖက်ဒရယ်ဖြစ်မှု၊ ဒီမိုကရေစီနဲ့ ဖြစ်ထွန်းစည်ပင်မှုတွေကို အမေရိကန်က လိုလားတယ်။ အီရတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံမူဘောင်အတွင်းကနေ ရည်မှန်းချက်တွေ ပြည့်ဝအောင် ကြိုးစားဖော်ဆောင်နေတာကို ကူညီဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။"ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

"ဘယ်ပါတီ၊ အဖွဲ့အစည်းမဆိုရဲ့ အီရတ်နယ်နမိတ်မျဉ်းကို ပြောင်းလဲပစ်မယ့် တစ်ဖက်သတ်လုပ်ဆောင်မှုတွေ၊ ဆူပူအကြမ်းဖက်မှုတွေကို ဆန့်ကျင်သွားပါမယ်။"ဟုလည်း ယင်းထုတ်ပြန်ချက်က ဖော်ပြသည်။

မာဆော့ဘာဇန်နီ ဦးဆောင်သည့် ကာဒစ္စတန်ဒေသ အစိုးရက တစ်ဖက်သတ် လွတ်လပ်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း စိတ်ပျက်ရသော်လည်း သမိုင်းတွင်သော ဆက်ဆံရေးကို ဆက်ထိန်းသွားမည်ဟုလည်း ဝါရှင်တန်က ဆိုသည်။

"ကာဒစ္စတန်ဒေသက ပြည်သူတွေနဲ့ အမေရိကန်ရဲ့ သမိုင်းတွင် ဆက်ဆံရေးက ခုဆန္ဒခံယူပွဲကြောင့်တော့ ပြောင်းလဲသွားမှာ မဟုတ်ပါ။ ဒါပေမယ့် ဒီဒေသနဲ့ ပြည်သူတွေအတွက် မတည်ငြိမ်မှုတွေ၊ ဘေးဒုက္ခတွေ ပိုများလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။"ဟု ကြေညာချက်က ဆိုသည်။

အီရတ်အားလုံးအတွက် အနာဂတ်ကောင်းမွန်ရေး ဆွေးနွေးပွဲများဖြင့် ဖော်ဆောင်သွားသင့်ကြောင်း၊ ကာဒစ္စတန်ဒေသ သီးခြားရပ်တည်ခြင်းသည် အီရတ်နှင့် အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို ပိုမိုရှုပ်ထွေးစေမည်ဖြစ်ကြောင်းလည်း သတိပေးသည်။

ကာဒစ္စတန် ဒေသလွတ်လပ်ရေး ဆန္ဒခံယူပွဲကို အမေရိကန်အပြင် ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံကြီးများကလည်း ကန့်ကွက်ကြသည်။

ကာဒစ္စတန်က ဦးဆောင်ကဏ္ဍမှ ပါဝင်နေသည့် အိုင်အက်ချေမှုန်းရေးစစ်ပွဲတွင် အီရတ်စုစည်းအားက အလွန်အရေးပါကြောင်း ၎င်းတို့က သုံးသပ်လျက် ကန့်ကွက်ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly