ပရီးမီးယားလိဂ်ပွဲအများဆုံးကစားသမားဖြစ်လာသည့် ဘယ်ရီကို အာဆင်နယ်အသင်း ဂုဏ်ပြု အကျင်္ီပေးအပ်

ပရီးမီးယားလိဂ်ပွဲအများဆုံးကစားသမားဖြစ်လာသည့် ဘယ်ရီကို အာဆင်နယ်အသင်း ဂုဏ်ပြု အကျင်္ီပေးအပ်

စက်တင်ဘာ ၂၆၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်းက ဝက်စ်ဘရွန်းအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဝက်စ်ဘရွန်းကွင်းလယ်ကစားသမား ဘယ်ရီသည် ပရီးမီးယားလိဂ်ပွဲအများဆုံးကစားသမား ဖြစ်လာခဲ့သည်။

ထိုပွဲစဉ်မှာ ဘယ်ရီအတွက် ၆၃၃ ပွဲမြောက် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး မန်ယူတောင်ပံကစားသမား ရွိုင်ယန်ဂစ်ကို ကျော်ဖြတ်ကာ ပွဲအများဆုံးကစားသမားဖြစ်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် အာဆင်နယ်အသင်းက နံပါတ် ၆၃၃ ရိုက်နှိပ်ထားသည့် အာဆင်နယ်အင်္ကျီ၌ အသင်းသားများ၏ လက်မှတ်များရေးထိုးကာ ဘယ်ရီကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

ထိုဂျာစီနှင့်အတူ အာစင်ဝင်းဂါးနှင့်ဘယ်ရီတို့ ဓာတ်ပုံတွဲရိုက်ခဲ့ကြပြီး ထိုပုံကို အာဆင်နယ်အသင်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြခဲ့သည်။ ဓာတ်ပုံ၏အောက်တွင် “ပရီးမီးယားလိဂ်ပွဲအများဆုံးကစားသမားဖြစ်လာတဲ့အတွက် အာဆင်နယ်အသင်းနဲ့သက်ဆိုင်သူအားလုံးက ဂုဏ်ပြုပါတယ်..ဘယ်ရီရေ” ဟု ရေးသားခဲ့သည်။

ဘယ်ရီသည် ဗီလာ၊ မန်စီးတီး၊ အဲဗာတန်နှင့်ယခု ဝက်စ်ဘရွန်းအသင်းတို့တွင် ကစားပြီး ယခုစံချိန်ကို ရရှိခဲ့ခြင်းဖြစ်သည်။

“တကယ်ကိုကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ။ ဒီလိုပွဲအများဆုံးကစားသမားဖြစ်လာရလို့ ဂုဏ်ယူပါတယ်” ဟု ဘယ်ရီက ဆိုသည်။

သူ၏စံချိန်ကို ကျော်ဖြတ်ခံလိုက်ရသည့် ရွိုင်ယန်ဂစ်ကလည်း ဘယ်ရီ၏စွမ်းဆောင်မှုအတွက် ဂုဏ်ယူကြောင်းနှင့် ယခုထက်ပိုမို၍ ပွဲများစွာဆက်လက်ကစားနိုင်ဦးမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags