တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်းများ နှင့် ပြည်တွင်း နိုင်ငံရေးပါတီများ နိုင်ငံရေးမူဘောင် ဆွေးနွေးမည်

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်းများ နှင့် ပြည်တွင်း နိုင်ငံရေးပါတီများ နိုင်ငံရေးမူဘောင် ဆွေးနွေးမည်
ဆွေးနွေးပွဲကျင်းပမည့် ချင်းမိုင်မြို့က Win Place ဟိုတယ်။

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်များနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီတို့ ပူးပေါင်း၍ နိုင်ငံရေး မူဘောင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုကို သြဂုတ်လ ၁၅ ရက်တွင် ချင်းမိုင်မြို့ Win Place ဟိုတယ်တွင် ပြုလုပ်မည်ဟု တစ်နိုင်ငံလုံး အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆိုင်ရာ မူဘောင် ဆွေးနွေးနိုင်ရန် ပြင်ဆင်သည့် အနေဖြင့် ပြည်တွင်းမှ နှစ်ရက်ကြာ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။ ယခု တွေ့ဆုံမှုသည် ဒုတိယ အကြိမ်လည်း ဖြစ်သည်။

“ဒါက ပြင်ဆင်မှုသဘောပဲ။ မူဘောင်နဲ့ ပတ်သက်ပြီးတော့မှ ပြည်တွင်းမှ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားတွေ ညှိနှိုင်းတာပါ။ ပြည်တွင်းမှာလည်း မူဘောင် အမျိုးမျိုးထွက်နေတယ်ဆိုတော့ အတတ်နိုင်ဆုံး ညီညီညွတ်ညွတ်နဲ့ မူဘောင်တခုဖြစ်အောင် အားလုံးလက်ခံနိုင်တဲ့ ပုံစံပေါ့"ဟု နိုင်ငံသာက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးမည် ဖြစ်သော်လည်း အချို့ နိုငံရေးပါတီ ကိုယ်စားလှယ်များကမူ လက်ရှိ ပြည်တွင်း၌ ကြံ့ခိုင်ရေးပါတီ အရှုတ်အထွေး သတင်းများကြောင့် လုံခြုံရေး စိုးရိမ်မှု ရှိနေသည်ဟု နိုင်ဟံသာက ပြောသည်။

“ပြည်တွင်းမှာ ဦးရွှေမန်းတို့ ကိစ္စ ဖြစ်သွားပြီးတဲ့နောက် တစ်ချို့က နည်းနည်းစိုးရိမ်ကြတယ်။ နည်းနည်းလျော့သွားတဲ့ အနေအထားရှိတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အထောက်အကူ ပြုနိုင်ရန်အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထားသော တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ) The Ethnic Nationalities Affairs Center (ENAC) က ကမကထ ပြုလုပ်၍ ကျင်းပရခြင်း ဖြစ်သည်ဟု သိရသည်။

နိုင်ငံရေးဆိုင်ရာ မူဘောင်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ ၂၅ နှင့် ၂၆ ရက်များတွင် ပထမဆုံးအကြိမ်အဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် UNAတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲမည် ဖြစ်၍ ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းနှင့်ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် ရန်ကုန်မြို့တွင် ဆွေးနွေးချက်များအပေါ် ပြည်လည်သုံးသပ်ရန် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD)က သြဂုတ်လ ၂၁ ရက်တွင် အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly