ငလျင်ကြီးကြောင့် လူ ၃၀၀ ကျော် သေဆုံးသည့် မက္ကဆီကိုတွင် နောက်ဆက်တွဲငလျင်၌ လူလေးဦး သေဆုံးပြန်

ငလျင်ကြီးကြောင့် လူ ၃၀၀ ကျော် သေဆုံးသည့် မက္ကဆီကိုတွင် နောက်ဆက်တွဲငလျင်၌ လူလေးဦး သေဆုံးပြန်

 

မက္ကဆီကိုနိုင်ငံတွင် လူပေါင်း အနည်းဆုံး ၃၀၅ ဦး သေဆုံးခဲ့သည့် အင်အား ၇ ဒဿမ ၁ အဆင့်ရှိ ငလျင် လှုပ်ပြီး လေးရက်အကြာ စက်တင်ဘာ ၂၃ ရက်တွင် အင်အား ၆ ဒဿမ ၁ အဆင့်ရှိ နောက်ဆက်တွဲ ငလျင်လှုပ်ရာတွင် အနည်းဆုံး လူူ လေးဦး သေဆုံးသည်။

အဆိုပါ နောက်ဆက်တွဲ ငလျင်ကြောင့် တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် သတိပေးဥသြများဆွဲကာ အထိတ်တလန့်ဖြစ်ရာမှ လူသေဆုံးခြင်းဖြစ်သည်။ မြို့တော် မက္ကဆီကိုစီးတီးတွင် နှလုံးဖောက်ကာ အမျိုးသမီးနှစ်ဦးသေဆုံးသည်။

တောင်ပိုင်းတွင် အခြားသူနှစ်ဦး သေဆုံးရာ တစ်ဦးမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး နေအိမ်ပြိုကျရာမှ သေဆုံးခြင်း ဖြစ်ကာ ကျန်အမျိုးသားတစ်ဦးမှာ  ယခု နောက်ဆက်တွဲ ငလျင်ကြောင့် ပျားအုံ မြေပေါ်ပြုတ်ကျကာ ပျားများ တုပ်ခံရရာမှ သေဆုံးခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၉ ရက်က အင်အား ၇ ဒဿမ ၁ အဆင့်ရှိ ငလျင်ကြောင့် မြို့တော်တွင် အပျက်အစီးများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။

ယခု နောက်ဆက်တွဲငလျင်သည် စက်တင်ဘာ ၇ ရက်က တောင်ပိုင်းကမ်းခြေတွင် လှုပ်ခဲ့သည့် အင်အား ၈ ဒဿမ ၁ အဆင့် ငလျင်၏ နောက်ဆက်တွဲငလျင်သာဖြစ်ကြောင်း ပညာရှင်များက ပြောသည်။ အဆိုပါ ငလျင်တွင် လူပေါင်း ၉၈ ဦး သေဆုံးသည်။

၁၉၃၂ ခုနှစ်နောက်ပိုင်း မက္ကဆီကိုတွင် အင်အားအပြင်းဆုံးဖြစ်ခဲ့သည့် စက်တင်ဘာ ၇ ရက် ငလျင်ကြီးကြောင့် Tehuantepec ဒေသတွင် တံတားတစ်စင်း ပြိုကျကာ အခြားအခြေခံ အဆောက်အအုံများလည်း ပြိုကျခဲ့သည်။

ယခု နောက်ဆက်တွဲငလျင်သည် အော့ဆာကာ တောင်ပိုင်းတွင် ဗဟိုပြု လှုပ်သွားခြင်း ဖြစ်ကြောင်း ငလျင်တိုင်းတာရေးပညာရှင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly