ပြည်ပပို့မည့် ကွန်တိန်နာများထဲမှ သစ် ၂၂၉ တန်ခန့်အားဖမ်းမိ

ပြည်ပပို့မည့် ကွန်တိန်နာများထဲမှ သစ် ၂၂၉ တန်ခန့်အားဖမ်းမိ
ဓာတ်ပုံ-Yangon Police

ရန်ကုန်၊စက်တင်ဘာလ ၂၃ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်း(MITT) ရှိ ပြည်ပတင်ပို့မည့် ကွန်တိန်နာ ၁၆ လုံးအတွင်းမှ ပိတောက်သစ်ခွဲသား ၂၂၉ တန်ခန့်အား ဖမ်းဆီးရမိခဲ့သည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်၊ နေ့လည် ၂ နာရီခန့်အချိန်က သတင်းအရ အကောက်ခွန်စစ်ဆေးရေး ဝန်ထမ်းများက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ ကျော်ကျော်ဇင်ပိုင် ကုန်သေတ္တာအလုံး ၂ဝ အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ကွန်တိန်နာ ၁၆ လုံးအတွင်းမှ ပိတောက်သစ်ခွဲသား စုစုပေါင်း တန်ချိန် ၂၂၉ ဒသမ ၁၉ တန်ခန့်ရှာဖွေ တွေ့ရှိ ကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ စက် တင်ဘာလ ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

 ထိုသို့ တရားမဝင်တင်ဆောင်ထားသည့် ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့သဖြင့် အသက် ၃၆ နှစ်အရွယ် ကျော်ကျော်ဇင်အား ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေရဲစခန်းတွင် (ပ)၅၄/၂ဝ၁၇၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ- ၈ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly