စံချိန်ချိုးမယ့် စပွန်ဆာစာချုပ်အတွက် ရီးယဲလ်မက်ဒရစ်နှင့် အမ်းမရိတ်စ်လေကြောင်းလိုင်းတို့ သဘောတူညီမှုရ

စံချိန်ချိုးမယ့် စပွန်ဆာစာချုပ်အတွက် ရီးယဲလ်မက်ဒရစ်နှင့် အမ်းမရိတ်စ်လေကြောင်းလိုင်းတို့ သဘောတူညီမှုရ

ရီးယဲလ်မက်ဒရစ်အသင်းနှင့် Fly Emirates လေကြောင်းလိုင်းတို့ဟာ ၎င်းတို့ရဲ့ အင်္ကျီစပွန်ဆာအဖြစ် လာမယ့် ၅ နှစ်အတွက် တစ်နှစ်လျှင် ယူရို သန်း ၇၀ တန်ဖိုးရှိ သဘောတူညီမှုသစ်တစ်ရပ်ကို သက်တမ်းတိုးခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

စုစုပေါင်း ယူရို ၂၈၀ သန်းတန် အဆိုပါသဘောတူညီမှု စာချုပ်သစ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကျိုးအမြတ်အများဆုံး အင်္ကျီစပွန်ဆာဖြစ်လာပါလိမ့်မယ်။

လက်ရှိ အမြင့်ဆုံး အင်္ကျီစပွန်ဆာရရှိတဲ့ စာရင်းမှာ ဘာစီလိုနာနှင့် Rakuten တို့ရဲ့ တစ်နှစ်လျှင် ယူရို ၅၅ သန်း စာချုပ်နှင့် မန်ယူနှင့် Chevrolet တို့ရဲ့ ၂၀၂၁ အထိ သက်တမ်းရှိတဲ့ တစ်နှစ်လျှင် ယူရို ၆၂ သန်း ရရှိတဲ့ စပွန်ဆာတို့ဖြစ်ပါတယ်။

Palco23 ဝက်ဘ်ဆိုက်အရ ယခုနှစ်နွေရာသီမှာ မက်ဒရစ်နှင့် Emirates တို့က သက်ဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သက်တမ်းတိုးမှုကို တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။

စာချုပ်သစ်ထဲမှာ အသင်းရဲ့ လေ့ကျင့်ရေး ဝတ်စုံတွေမှာ Fly Emirates ကို ထည့်သွင်းဖော်ပြရမှာအပြင် ဘာနေဗျူးကွင်းမှာ ဂိုးဧရိယာ နှစ်ဘက်လုံးမှာ LED ကြော်ငြာစာတမ်း ၄ ခုကို ထားရှိရမှာဖြစ်တယ်လို့ ပါဝင်ပါတယ်။

ဒါ့အပြင် မက်ဒရစ်ဟာ ၎င်းတို့ရဲ့ အဓိကစပွန်ဆာတစ်ခုဖြစ်တဲ့ Adidas နှင့်လည်း သဘောတူညီချက်သစ်များအတွက် ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာနှင့် Nike တို့ရဲ့ စံချိန်တင် စပွန်ဆာနေရာကို ဖယ်ရှားဖို့ ယူရို ၁၀၅ သန်းတန် စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးပါလိမ့်မယ်။

Ref; AS

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly