သစ်ပင်စိုက်သည့် မြန်မာ့ရှားပါးလိပ်မျိုးစိတ်များ မထိန်းသိမ်းလျှင် ဆယ်စုနှစ်အတွင်း ပျောက်ကွယ်မည်

သစ်ပင်စိုက်သည့် မြန်မာ့ရှားပါးလိပ်မျိုးစိတ်များ မထိန်းသိမ်းလျှင် ဆယ်စုနှစ်အတွင်း ပျောက်ကွယ်မည်

ရန်ကုန်၊စက်တင်ဘာလ၂၀ ။          ။ မြန်မာ့ရှားပါးလိပ်လိပ်မျိုးစိတ်များကို ဆက်လက် မထိန်းသိမ်းနိုင်လျင် ဆယ်စုနှစ်အတွင်း မျိုးတုန်းသွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း သားငှက်ထိမ်းသိမ်းရေးမြန်မာ(WCS Wildlife Conversation Society)မှ လိပ်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူး ဒေါ်ကလျာပလတ်က ဆိုသည်။

မြန်မာနိုင်ငံတွင် လိပ်မျိုးစိတ်(၂၆)မျိုးရှိသည့်အနက် (၈)မျိုးမှာ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ခိုးယူ၍ တရားမဝင်ကုန်သွယ်ရောင်းချခြင်း၊ အစားအစာအဖြစ် သတ်မှတ်ခြင်း၊ တောင်ယာရွေ့ပြောင်း စိုက်ပျိုးခြင်းနှင့် အိမ်များတွင် အလှမွေးမြူမှုများသည် မြန်မာ့ရှားပါးလိပ်မျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်နိုင်သည့် အချက်များဖြစ်သည်ဟု ဒေါ်ကလျာပလတ်ပြောသည်။

"ဆယ်စုနှစ်အတွင်းမှာပဲ အကုန်မျိုးပြုတ်မှာ မထိန်းသိမ်းရင် အခုထိန်းသိမ်းနေတဲ့ လုပ်ငန်းတွေကို ရပ်ပစ်လိုက်ရင်လည်း လူတွေဟာပြန်ခိုးကြရင်လဲ မျိုးပြုတ်မှာပဲ"ဟု ဒေါ်ကလျာပလတ်က ပြောသည်။

အဆိုပါလိပ်များသည် သွားမရှိဘဲ သွားဖုံးအမာများသာ ရှိသည့်အတွက် စားသောက်ပြီးအပင်များ၏ အစေ့များသည် ကြေညက်ခြင်းမရှိဘဲ မစင်နှင့်အတူ ပြန်လည်ထွက်ပေါ်လာကာ ၎င်းနေရာများတွင် သစ်ပင်များ ပြန်လည် ပေါက်ရောက်တက်သည့် အတွက် သစ်ပင်စိုက်လိပ်များဟု ခေါ်ဆိုရခြင်းဖြစ်သည်။

ထို့ကြောင့် လိပ်တစ်ကောင်သည် သစ်ပင်ခုနှစ်ထောင်နှင့် ညီမျှကြောင်း ၎င်းက ပြောသည်။

အဆိုပါလိမ်များအား အင်တာနက်ပေါ်တွင် ရောင်းချဖောက်ကားခြင်းများပြုလုပ်ကာ အိမ်တွင်မွေးမြူထားပါက သစ်တောဥပဒေအရ ရှားပါးအမျိုးအစားပေါ်မူတည်၍ အများဆုံးထောင် ၇နှစ်အထိ ချမှတ်နိုင်သည်။

"လုံးဝကာကွယ်တာနဲ့ သာမန်ကာကွယ်တာနဲ့ နှစ်မျိုးရှိတယ်။ လုံးဝကာကွယ်ထားတဲ့ လိပ်တွေဆိုရင် ထောင်ဒဏ် ၇နှစ်ဒဏ် ငွေ ၅သောင်း။ သာမန် ကာကွယ်တဲ့ လိပ်ဆိုရင် ဒဏ်ငွေကတော့ ၃သောင်း ထောင်ဒဏ်၅နှစ်။ အခုဆိုရင် ဥပဒေက ပြုပြင်နေတယ်လေ။ ထောင်ဒဏ်ရောငွေဒဏ်ရော ထွက်လာရင် ဥပဒေကတောပိုပြီးတော့ များသွားမှာပေါ့"ဟု လိပ်ထိန်းသိမ်းရေး   ညွှန်ကြားရေးမှူး ဒေါ်ကလျာပလတ်က ရှင်းပြသည်။

လက်ရှိအချိန်တွင် ထိန်းသိမ်းပြီး ဘေမဲ့လွှတ်ပေးထားသော ရှားပါးလိပ်များကို အခွံပေါ်တွင် အမှတ်အသားထိုးပေးခြင်း၊ ကွန်ပျုတာချိစ်ပြား(Chip) ထည့်သွင်းကာ စောင့်ကြည့်ခြင်း၊ အသံလှိုင်းနည်းပညာ(Radio Telemetry)ဖြင့် ၎င်းလိပ်များ ရှိရာနေရာကို ရှာဖွေခြင်းများ ပြုလုပ်ပေးထားခဲ့ သည်။ ထိုသို့ပြုလုပ်ပေးရာတွင် တစ်ကောင်လျှင် အမေရိကန်ဒေါ်လာ တစ်ထောင်ခန့် ကုန်ကျကြောင်း သိရသည်။

၎င်းလိပ်များရှိရာ ဘေးမဲ့တောများ၌ သစ်တောဝန်ထမ်းများ ကင်းလှည့်စေခြင်း၊ တစ်လတစ်ကြိမ် ပြန်လည်စောင့်ကြည့်ခြင်း၊ လိပ်ဥများရှိသည့်နေရာများကို မည်သူမျှခိုးယူ၊ ဖျက်ဆီးခြင်း မပြုလုပ်နိုင်ရန် ကာကွယ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ရှားပါးလိပ်အမျိုးအစားများမှ မျိုးသုံးရန် အလွန်နီးသည့် လိပ်များတွင် ရှမ်းကြီးလက်မောင်းလိပ်၊ ကြယ်လိပ်၊ ကြက်တူရွေလိပ်၊ ရင်ငန်းလိပ်၊ ရခိုင်လိပ်၊ ကံလိပ်၊ တိုက်လိပ်၊ သောင်လိပ်တို့ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly