စက်တင်ဘာ ၂၀ ။ ။ အစိုးရဖြုတ်ချရေးသပိတ်စခန်း ဖွင့်လှစ်ရာတွင်ပါဝင်သည့် သံဃာတော် ၆ ပါးနှင့်လူပုဂ္ဂိုလ် ၁ ဦးကို စက်တင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းက လေးကြိမ်မြောက်အဖြစ် ချမ်းမြသာစည်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။
ယနေ့ရုံးချိန်းတွင် တရားလို ခရိုင်သာသနာရေးမှူးအား ဒုတိယအကြိမ်အဖြစ် စစ်ဆေးခဲ့ကြောင်း သိရသည်။
သံဃာတော်များဘက်ကလိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးကြည်ဝင်းက"ဒီအကြိမ်လည်း တရားလိုကို စစ်တယ်။ တရားလို တင်ပြတဲ့ သက်သေခံ မပြည့်စုံလို့ နောက်တစ်ချိန်းထပ်စစ်ဖို့ ချိန်းထားပါတယ်။"ဟုပြောသည်။
ချမ်းမြသာစည်မြို့နယ်တရားရုံးမှသတင်းပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး(၂) ဦးကျော်စွာလင်းက"ဒီနေ့ခရိုင်သာသနာရေးမှူ းကို စစ်ဆေးပါတယ်။နောက်ထပ် ထပ်ချိန်းထားပါတယ်။နောက်တစ်ချိန်းလည်း ခရိုင်သာသနာရေးမှူးကို ဆက်စစ်ပါမယ်။"ဟုပြောသည်။
ငါးကြိမ်မြောက်ရုံးချိန်းကို လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့သို့ ချိန်းဆိုထားပြီး ၎င်းနေ့တွင် တရားလို ခရိုင်သာသနာရေးမှူ းကို ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သာသနာ ၂၅၀၀ ဗိမ္မာန်တော်မှာ သြဂုတ်လ ၂ ရက်၊ မွန်းလွဲ ၃ နာရီက အစိုးရဖြုတ်ချရေးသပိတ်စခန်းကို သံဃာတော်တစ်ချို့နဲ့လူပုဂ္ဂိုလ်တစ်ချို့က ဖွင့်လှစ်ခဲ့ခြင်းကြာင့် သြဂုတ်လ ၅ ရက်၊ နံနက် ၂ နာရီ၊ ၁၅မိနစ်၌ သက်ဆိုင်ရာအဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့ပြီး ပါဝင်ပတ်သက်သူများကို ပုဒ်မ ၅၀၅(ခ)နှင့် ဖမ်းဆီးအရေးယူခံခဲ့ရပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။