မြန်မာပရိသတ်တွေရှေ့မှာ ယှဉ်ပြိုင်ရတာ သူ့ကိုအားတက်စေတယ်ဆိုတဲ့ အောင်လအန်ဆန်

မြန်မာပရိသတ်တွေရှေ့မှာ ယှဉ်ပြိုင်ရတာ သူ့ကိုအားတက်စေတယ်ဆိုတဲ့ အောင်လအန်ဆန်

စက်တင်ဘာ ၂၀ ။          ။ လာမယ့် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ONE CHAMPIONSHIP ပြိုင်ပွဲအတွက်  အောင်လအန်ဆန်က စိတ်လှုပ်ရှားနေပုံ ရပါတယ်။

“ ပရိသတ်ကြီးဗျာ၊ အခုတော့ ONE CHAMPIONSHIP ပွဲက နိုဝင်ဘာလ ၃ ရက်နေ့မှာ Alain Ngalani ဆိုတဲ့ ကျွန်တော့ထက် ဝိတ်ကြီးတဲ့ ဘဲကြီးနဲ့ ထိုးရမှာဗျ။  The Panther ဆိုပြီးတော့လည်း ခေါ်ကြတယ်” လို့ သူက ဒီကနေ့ ထုတ်ဖော်ပြောလိုက်ပါတယ်။

One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းနှင့် ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီတို့သည် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် အထူးငါးချီစိန်ခေါ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။

လွယ်လွယ်နဲ့ အနိုင်ယူလို့မရတဲ့ ယှဉ်ပြိုင်ဖက်လို့ ပြောလိုက်ပြီး သူ့ဘဝအတွက် သမိုင်းဝင်မယ့်ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ အောင်လအန်ဆန်က ပြောဆိုလိုက်ပါတယ်။

“ ကျွန်တော် တစ်ခုပြောချင်တာကတော့ ဒီပွဲကြီးက ခက်ခဲမယ်ဆိုပေမယ့်လည်း မြန်မာပရိသတ်တွေရဲ့ အရှေ့မှာ ယှဉ်ပြိုင်ခွင့်ရတာကိုပဲ ကျွန်တော့်အတွက် တကယ့်ကို အားတက်စေပါတယ်။ မြန်မာ့ဂုဏ်ဆောင်တစ်ယောက် ဖြစ်အောင် အကောင်းဆုံး ကြိုးစားသွားပါ့မယ်လို့ ကတိပေးပါတယ်ဗျာ” လို့ အောင်လအန်ဆန်က ပြောပါတယ်။

ဟောင်ကောင်ကိုယ်စားပြု နိုက်ဂျီးရီးယားဖိုက်တာ ဂါလာနီ (Alain Ngalani) က MMA ၇ ပွဲမှာ ၃ ပွဲနိုင် ၃ ပွဲရှုံးနိမ့်ထားပြီး လျင်မြန်တဲ့ ခြေကန်ချက်တွေကြောင့် ပြိုင်ဘက်တွေ သတိထားကြရတဲ့ သူတစ်ယောက်ပါပဲ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကမှ ဂျာကာတာတွင် ပြိုင်ဘက်လက်ဝှေ့သမားဆီကီနီကို ၁၁ စက္ကန့်ဖြင့် ဂါလာနီ က အလဲထိုးခဲ့ပြီး One Championship ၏ဟဲဗီးဝိတ်ပြိုင်ပွဲသမိုင်းတွင် အမြန်ဆုံးပွဲသိမ်းနိုင်သည့် စံချိန်တင်ပွဲဖြစ်ခဲ့ပါတယ်။  

One Championship ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီသည် အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ ကရာတေးနှင့်ဂျူဒို ပညာရပ်များကို ကျွမ်းကျင်သူဖြစ်သည်။ ထို့အပြင် မွေထိုင်းချန်ပီယံဆုကို လေးကြိမ် ရရှိထားသူလည်း ဖြစ်သည်။

 “ အားလုံးရဲ့ အားပေးဆုတောင်းမှုနဲ့အတူ ကျွန်တော် ဒီပွဲကို အကောင်းဆုံး ယှဉ်ပြိုင်သွားပါ့မယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြန်တွေ့ကြမယ်ဗျ”  လို့ အောင်လအန်ဆန်က လူမှုကွန်ရက်မှ တဆင့် ပြောသွားပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly