တရားမဝင်တိရိစ္ဆာန်ကုန်သွယ်သူများက ကြိုတင်သတင်းရနေ၍ ဖမ်းဆီးခက်နေဟုဆို

တရားမဝင်တိရိစ္ဆာန်ကုန်သွယ်သူများက ကြိုတင်သတင်းရနေ၍ ဖမ်းဆီးခက်နေဟုဆို

မန္တလေး၊စက်တင်ဘာ၁၈ ။          ။ တောရိုင်းတိရိစ္ဆာန်နှင့် တိရိစ္ဆာန် အစိတ်အပိုင်းများအား တရားမဝင်ကုန်သွယ်နေသူများကို ဝင်ရောက်ဖမ်းဆီးရာတွင်ကုန်သွယ်သူများက ကြိုတင်သတင်းရရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းကပြောသည်။ ထိုကဲ့သို့ကြိုတင်သတင်းရရှိနေမှုကြောင့် ဝင်ရောက်ဖမ်းဆီးရာတွင် အခက်ခဲများရှိခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောရိုင်းတိရိစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ တရားမဝင်ရောင်းချနေမှုများကို စိစစ်ရေးဆိုသည့်ခေါင်းစဉ်ဖြင့် ယနေ့စက်တင်ဘာလ(၁၈)ရက် မန္တလေးမြို့ Hotel Magic Mandalay ၌ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဓိကကတော့ တောထဲတောင်ထဲသွားနေရတာဆိုတော့ ကျွန်တော်တို့ စထွက်တာနဲ့ သတင်းတွေရနေကြတာပေါ့ ။ သူတို့လည်းကျွန်တော်ထင်ပါတယ်။ ဒီလိုလုပ်ငန်းတွေလုပ်နေကြတော့ သူတို့ဘက်ကလည်း ဆက်သားသဘောတွေထားတယ် ထင်ပါတယ် ။သူတို့ဘက်ကလည်းကျွန်တော်တို့အဖွဲ့အစည်းတွေကို စောင့်ကြည့်တဲ့လက္ခဏာတွေလည်းတွေ့ရပါတယ်"ဟု  ဦးမြင့်သိန်းက မဇ္ဈိမကို ပြန်လည်ဖြေကြားခဲ့သည်။

တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများတွင် လိပ်၊ ဆင်၊ မြွေ၊ သင်းခွေချပ်နှင့် ကျားတို့မှာ အများဆုံးဖြစ်နေသည်ကို WCS(တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေး)မြန်မာ၏ ဖော်ပြချက်အရသိရသည်။
 ဖမ်းဆီးရရှိရာဒေသများတွင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အများဆုံးဖြစ်နေသည်။

မန္တလေး မူဆယ် လားရှိုးလမ်းကြောသည် မြန်မာနိုင်ငံတွင် တရားမဝင် ကူးသန်းရောင်းဝယ်မှုအများဆုံးနှင့် နယ်စပ်ဖြတ်ကျော်ဆောင်ရွက်မှု အများဆုံးဖြစ်နေပြီး အဆိုပါနေရာရှိ တရားမဝင်တောရိုင်းတိရိစ္ဆာန်ကုန်သွယ်မှုများကို WCS(တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေး) မြန်မာနှင့် သစ်တောဝန်ကြီးဌာနတို့ပူးပေါင်းကာ စီစစ်သွားရန် စီစဉ်ထားသည်။

တစ်ကမ္ဘာ့လုံးတွင် တောရိုင်းတိရိစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းချနေမှုမှာ (၁၀)ဘီလျံဒေါ်လာရှိနေကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)၏စာရင်းများအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly