ရိုမေးနီးယား၌ အင်အားပြင်းလေမုန်တိုင်း တိုက်ခတ်မှုကြောင့် ၈ဦးသေဆုံး

By AFP
18 September 2017
ရိုမေးနီးယား၌ အင်အားပြင်းလေမုန်တိုင်း တိုက်ခတ်မှုကြောင့် ၈ဦးသေဆုံး

 

ဘူခါရက်စ်၊ စက်တင်ဘာ ၁၈ ။                   ။ ရိုမေးနီးယားနိုင်ငံ၌ တနင်္ဂနွေနေ့တွင် အင်အားပြင်းလေမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် အိမ်ခေါင်မိုးများ ကျွတ်ထွက်ခြင်း၊ သစ်ပင်များပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့သလို လူ ၈ဦးခန့်သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင်သက်သေများနှင့် အာဏာပိုင်များက ပြောခဲ့ကြသည်။

လေမုန်တိုင်းသည် နိုင်ငံအနောက်ပိုင်းရှိ တီမီဆိုအာရာမြို့ ပတ်ဝန်းကျင်ဒေသ၌ လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် မြောက်ပိုင်းရှိ ယူကရိန်းနိုင်ငံဘက်သို့ ဦးတည် ထွက်ခွာသွားခဲ့သည်။

လေမုန်တိုင်းကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သူများမှာ အိမ်အပြင်ဘက်၌ ရှိနေခဲ့သူများဖြစ်ကြပြီး အမျိုးသားတစ်ဦး သည် သစ်ပင်ပိ၍သေဆုံးခဲ့ရကာ နောက်တစ်ဦးမှာ ဆိုင်းဘုတ်ပိ၍     သေဆုံးခဲ့ရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသော ကလေးငယ်နှစ်ဦးမှာ ဆေးရုံ၌ကုသမှုခံယူနေပြီး စိုးရိမ်ရသောအခြေအနေတွင်ရှိသည်။

ထိုကဲ့သို့မမျှော်လင့်ပဲ ဖြစ်ပွားခဲ့သော လေမုန်တိုင်းကြောင့် ၆၇ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ကြေညာခဲ့သည်။

“သစ်ပင်တွေလဲပြိုပြီး အိမ်ခေါင်မိုးတွေ ကျွတ်ထွက်ကုန်ပါတယ်။ ကုန်တင်ကားတွေလည်း မှောက်သွားပါတယ်။ ရေနဲ့လျှပ်စစ်တွေ ပြတ်တောက်နေပါတယ်” ဟု တီမီဆိုအာရာမြို့တော်ဝန် နီကိုလာရိုဘူက ရုပ်သံဌာနသို့ ပြောခဲ့သည်။

“ကျနော်တို့ ဒီလိုဖြစ်မယ်မထင်လို့ သတိပေးကြေညာချက်တောင် မထုတ်ပြန်ခဲ့ပါဘူး။ မိုးလေဝသဌာနကလည်း မိုးရွာမယ်လို့ပဲ သတင်းတင်ပြခဲ့တာကြောင့်ပါ” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ရိုမေးနီးယား နိုင်ငံတော်မိုးလေဝသဌာနက ယခုလိုရုတ်တရက်ပေါ်ပေါက်ခဲ့သည့် လေမုန်တိုင်းသည် ရှားပါးဖြစ် စဉ်တစ်ခု ဖြစ်ကြောင်းနှင့် မည်သို့မှ မမျှော်လင့်ထားခဲ့ကြကြောင်း ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly