မာရဝီမြို့ရှိ စစ်သွေးကြွများ၏ အရေးပါသောစစ်စခန်းများကို ဖိလစ်ပိုင်စစ်တပ်သိမ်းပိုက်

မာရဝီမြို့ရှိ စစ်သွေးကြွများ၏ အရေးပါသောစစ်စခန်းများကို ဖိလစ်ပိုင်စစ်တပ်သိမ်းပိုက်

ဖိလစ်ပိုင်၊ စက်တင်ဘာ ၁၇ ။             ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရဝီမြို့မှ IS တို့ကို သစ္စာခံသော စစ်သွေးကြွများ၏ ဌာနချုပ်ဖြစ်သော ဗလီတစ်ခု အပါအဝင် ၎င်းတို့၏အရေးပါသော စစ်စခန်း ၃ခုကို ဖိလစ်ပိုင်စစ်တပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

ဖိလစ်ပိုင်ရှိ အကြီးဆုံးဖြစ်သော ဂျမိုင်တူလ်ဖိလစ်ပိုင်အယ်လ်အစ္စလာမ်မီယာ အစ္စလာမ်တက္ကသိုလ်ကြီးကို စစ်သားများက သောကြာနေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး စနေနေ့တွင် ဂျမိုင်တူလ်မာရဝီအယ်လ်အစ္စလာမ်မီယာ ဖောင်ဒေးရှင်းနှင့် ဘာတိုဗလီတို့ကို ငါးနာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဖိလစ်ပိုင်စစ်တပ်က တဖြည်းတဖြည်းသိမ်းယူလာ နိုင်ခဲ့ပြီး ၎င်းတို့ကို အင်အားလျော့ကျသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်” ဟု လက်နက်ကိုင်တပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ အက်ဒွာဒိုအာနို၏ ထုတ်ပြန်ချက်ထဲမှ ပြောဆိုချက်ကို ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ ကြသည်။

ငြိမ်းချမ်းရေးအတွက် သမ္မတအကြံပေးဖြစ်သူ ဂျီးဆပ်ဒူရီဇာက ဘာတိုဗလီကို သိမ်းယူခဲ့စဉ်တွင် ဓားစာခံနှစ်ဦး လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သူ၏ဖေ့စ်ဘုတ်စာမျက်နှာ၌ ရေးသားခဲ့သည်။

လွန်ခဲ့သောမေလ ၂၃ရက်နေ့က ဒေသခံများနှင့် နိုင်ငံရပ်ခြားမှလာသော စစ်သွေးကြွများပါဝင်သည့် IS တို့နှင့် မဟာမိတ်ဖွဲ့ထားသော အကြမ်းဖက်အဖွဲ့သည် လက်နက်ဆွဲကိုင်ပြီး မာရဝီမြို့ကို သိမ်းပိုက်ခဲ့သည်။

ထိုသောင်းကျန်းသူများသည် ဓားစာခံအများအပြားကို ဖမ်းဆီးခဲ့ပြီး အစိုးရအဆောက်အဦးများကို မီးတင်ရှို့ခဲ့ ကြကာ မြို့တွင်းလမ်းမများပေါ်၌ IS အလံများကို လွှင့်ထူခဲ့ကြသည်။

ထို့ကြောင့် သမ္မတရိုဒရီဂိုဒူတာတေးက ထိုဒေသ၌ စစ်ဥပဒေထုတ်ပြန်ခဲ့ပြီး မာရဝီမြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်တပ်ကိုအမိန့်ပေးခဲ့သည် ။

ထိုအချိန်မှစတင်၍ မာရဝီမြို့၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သူပုန် ၆၇၀ ဦး၊ စစ်သား ၁၄၇ ဦး နှင့် အရပ်သား ၄၇ ဦးတို့သေဆုံးခဲ့ကာ လူပေါင်း ၆ သိန်းခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly