ဖိလစ်ပိုင်တွင် မူးယစ်စစ်ပွဲအတွင်း အလွဲသုံးစားမှုများ ဖြစ်ပွား၍ မြို့နယ်ရဲတပ်ဖွဲ့အား ပြန်လည်ဖွဲ့စည်း

ဖိလစ်ပိုင်တွင် မူးယစ်စစ်ပွဲအတွင်း အလွဲသုံးစားမှုများ ဖြစ်ပွား၍ မြို့နယ်ရဲတပ်ဖွဲ့အား ပြန်လည်ဖွဲ့စည်း

မနီလာ၊ စက်တင်ဘာ ၁၅ ။         ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့စွန် ကာလူးကန်မြို့နယ်က ရဲတပ်ဖွဲ့တစ်ရပ်လုံးကို မူးယစ်ဆေးဝါး တိုက်ဖျက်သည့် စစ်ပွဲအတွင်း ဆယ်ကျော်သက်နှစ်ဦး သေဆုံးရခြင်းနှင့် အခြားသော အလွဲသုံးစားမှုများ ကျူးလွန်ခြင်းတို့ကြောင့် အသစ်ပြန်လည် ဖွဲ့စည်းနေပြီဖြစ်ကြောင်း အမျိုးသားရဲဌာန ညွှန်ကြားရေးမှူး အော်စကာအယ်ဘေယေးဒ်က စက်တင်ဘာ ၁၅ ရက်တွင် ကြေညာသည်။

ရဲဌာန အရာရှိအရာခံအကြပ်တပ်သား ၆၂ ဦးအား အလုပ်ထုတ်ပယ်ခြင်းနှင့် ရဲသင်တန်း တက်ရောက်ပြီး ၁၂၀၀ အား ပြန်လည်ခန့်အပ်ခြင်းတို့အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရဲဌာန ဝန်ထမ်းတွေ ဘယ်လိုအမှားမျိုး ကျူးလွန်တာကိုမှ လျစ်လျူရှုထားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ပြသနိုင်ဖို့ ကြိုးစားနေတာပါပဲ။”ဟု အော်စကာက ANC သတင်းဌာနသို့ ပြောသည်။

ကာလူးကန်မြို့ ရဲတပ်ဖွဲ့တစ်ခုလုံးကို ဖယ်ရှားပစ်ဖို့ စိတ်ကူးထားကြောင်း၊ စခန်းငယ် ၂၊ ၄ နှင့် ၇ တို့ဖြင့် ရဲလုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်း အော်စကာက ဆိုသည်။

ယခုကဲ့သို့ ရဲတပ်ဖွဲ့အား ပြန်လည်ဖွဲ့စည်းမှုကို စက်တင်ဘာ ၁၅ ရက်က သတင်းထောက်များအား ပြောကြားရာတွင် ကာလူးကန်မြို့နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ဂျီမာက ရဲတစ်ဦးအနေဖြင့် ၎င်းတို့ အကျွမ်းတဝင် ရင်းနှီးမှုရှိသည့် ဒေသတစ်ခုတွင် ကြာကြာ တာဝန်ထမ်းဆောင်ရလျှင် အကျင့်ပျက်ခြစားမှုကဲ့သို့သော ဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟု ပြောသည်။

ရဲတပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းကို ကနဦးကတည်းက စီစဉ်ထားခြင်းဖြစ်သည်ဟု အော်စကာက ဆိုကာ သြဂုတ်လအတွင်းက ဆယ်ကျော်သက် လူငယ်နှစ်ဦး သတ်ဖြတ်ခံရခြင်းနှင့် မူးယစ်စီးနင်းမှုတစ်ရပ်အတွင်း အိမ်တစ်အိမ်ကို ရဲများက ဓားပြတိုက်ခြင်း စသည့် စွပ်စွဲချက်များ ထွက်ပေါ်လာခြင်းကြောင့် ယခုကဲ့သို့ ပြောင်းလဲဖွဲ့စည်းမှုကို အဆောတလျင် ဖော်ဆောင်လာရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly