ရန်ကုန်၊ စက်တင်ဘာ ၁၄ ။ ။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှားတောလေးရွာ၊ စွယ်တော်ဘုရားမှ ရန်ကုန်-မန္တလေးကားလမ်းသို့ ထွက်သည့် ကားလမ်းပေါ်တွင် အမျိုးသမီးတစ်ဦးကိုင်ဆောင်ထားသော ဆာလာအိတ်အတွင်းမှ ကျပ် ၁၆၉ သိန်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၃ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မှတပ်ဖွဲ့ဝင်များနှင့် မြစ်ငယ်နယ်မြေ ရဲစခန်း ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ သွားရောက် ရှာဖွေရှာမှ ထိုသို့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
စွယ်တော်ဘုရားမှ ရန်ကုန်-မန္တလေးကား လမ်းသို့ထွက်သည့် ကားလမ်းပေါ်တွင် ကြိုတင်သတင်းရရှိထားသူ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ဒေါ်လုံကျေးရွာနေ အသက် ၃ဝ အရွယ် ဂွမ်ဂျာနော်(ခ) ဂျာနော်ဆိုသူနှင့် မိုးညှင်းမြို့နယ်၊ ဗောဓိကုန်း(ကွက်သစ်)ရပ်ကွက်နေ အသက် ၄ဝ အရွယ် မသက်မာထွေး(ခ)မငယ်ဆိုသူတို့ ၂ ဦးအား Honda Fit အဖြူရောင် ယာဉ်ဘေးတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များက မသက်မာထွေး(ခ)မငယ်ဆိုသူ ကိုင်ဆောင်ထားသော ဆာလာအိတ်အတွင်းအား မသင်္ကာ၍ ရှာဖွေခဲ့ရာ Love is Flower စာတမ်းပါ ဆပ်ပြာခွက်အတွင်း ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ဖြူဝါရောင်အမှုန့် အလေးချိန် ၁၁ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၂၂ ခွက်၊ စုစုပေါင်းအလေးချိန် ၂၄၂ ဂရမ်ခန့်(ဒေသပေါက်ဈေး (၁)ဂရမ်လျင် ၇ဝဝဝဝဝ ကျပ်နှုန်းဖြင့် ၁,၆၉၄,ဝဝဝဝကျပ်နှင့် ၎င်း မူးယစ်ဆေးဝါးရောင်ချရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခြင်းဖြစ်သည်။
ထိုသို့ တရားမဝင် မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့သည့်အတွက် မြစ်ငယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။