ဗင်နီဇွဲလား၌ဖြစ်ပွားနေသော ပဋိပက္ခများချုပ်ငြိမ်းရန် ပုပ်ရဟန်းမင်းကြီး အထူးမျှော်ကိုး

By AFP
11 September 2017
ဗင်နီဇွဲလား၌ဖြစ်ပွားနေသော ပဋိပက္ခများချုပ်ငြိမ်းရန် ပုပ်ရဟန်းမင်းကြီး အထူးမျှော်ကိုး

ကာတာဂျန်နာ (ကိုလံဘီယာ)၊ စက်တင်ဘာ ၁၁  ။            ။ ဗင်နီဇွဲလားနိုင်ငံအတွင်း၌ နိုင်ငံရေးနှင့် စီးပွားရေး ဖရိုဖရဲဖြစ်နေသည့် အခြေအနေများကြောင့် ဖြစ်ပွားခဲ့သော လူပေါင်းများစွာသေဆုံးခဲ့ရသည့် ပဋိပက္ခများ လျင်မြန်စွာချုပ်ငြိမ်းသွားရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့တွင် ဝတ်ပြုဆုတောင်းခဲ့သည်။

“လက်တင်အမေရိကတိုက်မှာရှိတဲ့ နိုင်ငံတစ်ခုချင်းစီအတွက်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံအတွက် အထူးတလည် ဆုတောင်းပို့သပေးပါတယ်” ဟု ဖရန်စစ်က ကိုလံဘီယာနိုင်ငံ ကာတာဂျန်နာမြို့၌ ပြုလုပ်ခဲ့ သော ဝတ်ပြုဆုတောင်းပွဲ၌ ပြောကြားခဲ့သည်။

“ နိုင်ငံရေးကိစ္စထဲမှာ အကြမ်းဖက်မှုလုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ကျုပ်မေတ္တာရပ်ခံချင်ပါတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းကို အကျိုးမပေးဘဲ လူအားလုံးကို၊ အထူးသဖြင့် မရှိနွမ်းပါးသူတွေကို ထိခိုက်စေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် ဖြေရှင်းနည်းတွေရှာဖွေဖို့ ကျုပ်တောင်းဆိုချင်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အစားအစာများ၊ ဆေးဝါးများ ပြတ်တောက်မှုကို ဖြစ်ပေါ် စေခဲ့သလို လူအများအပြားသေဆုံးခဲ့သော ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး သမ္မတနစ်ကိုးလပ်စ်မာဒူယိုကိုလည်း ရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆိုနေလျက်ရှိသည်။

အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် အစိုးရကိုဆန့်ကျင်ဆန္ဒပြသူများကြား၌ ဧပြီလမှ ဇူလိုင်လအထိ ဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံတစ်ဝန်း၌ လူပေါင်း ၁၂၅ဦးခန့် သေဆုံးခဲ့ရသည်။

ဗာတီကန်အစိုးရအနေဖြင့် လွန်ခဲ့သောနှစ်က ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံအဖွဲ့တို့ကြား၌ ကြားဝင်စေ့စပ် ပေးရန် ကြိုးစားခဲ့သော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အယုံအကြည်မရှိဘဲ အပြန်အလှန်စွပ်စွဲမှုများကြောင့် ဆွေးနွေးပွဲ ပယ်ပျက်ခဲ့ရသည်။

လက်ရှိအချိန်တွင် ထောင်နှင့်ချီသော ဗင်နီဇွဲလားနိုင်ငံသားများသည် ပဋိပက္ခများကို ရှောင်လွှဲရန်အတွက် ကိုလံဘီယာနိုင်ငံအတွင်းသို့ ထွက်ပြေးကာ ခိုလှုံနေလျက်ရှိကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags