၇၈ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဟိန္ဒူဘာသာဝင်များ တက်ရောက်ဂါရဝပြု

၇၈ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ဟိန္ဒူဘာသာဝင်များ တက်ရောက်ဂါရဝပြု
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

မြန်မာပြည်၏ လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးနှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်လျှက်ရှိပြီး ဆရာတော်အား လေးစားဂုဏ်ပြုသည့်အနေဖြင့် ပန်းခွေချဂါရဝပြုခြင်းနှင့် တခြားသောအခမ်းအနားများကိုလည်း ပြုလုပ်လျှက်ရှိရာ စစ်တွေမြို့တွင် ပြုလုပ်သည့် အခမ်းအနားသို့  ဟိန္ဒူဘာသာဝင်များလည်း တက်ရောက်ဂါရဝပြုခဲ့ ကြသည်။

“ကျွန်တော်တို့က ဟိန္ဒူဘာသာဝင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ဟိန္ဒူဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာကိုလည်းပဲ ကိုးကွယ်ယုံကြည်တဲ့ အတွက်ကြောင့်မို့လို့ အခုလိုအခမ်းအနားကို တက်ရောက်တာပါ။ နောက်ပြီးတော့ ကျွန်တော်တို့ ဟိန္ဒူတွေဟာ ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား ကျရောက်တိုင်း အစဉ်အလာမပျက် တက်ရောက်ပြီးတော့ ဂါရဝပြုလာခဲ့တာ ကြာပါပြီ”ဟု စစ်တွေမြို့မှ ဟိန္ဒူဘာသာဝင် ဦးဘုလှရွှေက ပြောသည်။

ဆရာတော်သည် လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်ခဲ့မှုများတွင် မိမိအတွက်ကိုယ်ကျိုးမငဲ့ဘဲ အသက်စွန့် ကြိုးပမ်းခဲ့ပြီး နယ်ချဲ့အစိုးရ၏ ဖမ်းဆီးအကျဉ်းချမှုများကို ခံခဲ့ရသော်လည်း မြန်မာပြည်လွတ်လပ်ရေးကို ပျံလွန်တော်မူသည်အထိ ကြိုးပမ်းဆောင်ရွက် ခဲ့သူဖြစ်သည်။

“ဆရာတော်က ကျွန်တော်တို့လေးစားကြည်ညိုရတဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်သလို သူလွတ်လပ်ရေးအတွက် လုပ်ဆောင်ခဲ့တဲ့အချိန်မှာ မဟတ္တမဂန္ဒီတို့နဲ့အတူ လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ပြီးတော့ မဟတ္တဂန္ဒီတို့လိုပဲ အကျဉ်းချခံခဲ့ရသူတစ်ဦး ဖြစ်တဲ့အတွက်လည်း လေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် အခုလိုအခမ်းအနားကို လာရောက်ပြီး ပန်းချေ ဂါရဝပြုတာဖြစ်ပါတယ်”ဟု ဦးဘုလှရွှေက ပြောသည်။

ယခုနှစ်စစ်တွေမြို့အခမ်းအနားတွင် ဆရာတော်၏ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများနှင့် ပါတ်သက်ပြီး ဟောပြောပွဲများ၊ ကျောင်းသူ/သားများ၏ ကဗျာရွတ်ပွဲများနှင့် အခြားသောအစီအစဉ်များကိုပါ ထည့်သွင်းကျင်းပခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly