ရှေ့နေဦးကိုနီအသတ်ခံရမှုအတွက် အောင်ဝင်းဇော်တို့၏ ညီကိုဝမ်းကွဲတော်စပ်သူအပါ သုံးဦးအားစစ်ဆေး

ရှေ့နေဦးကိုနီအသတ်ခံရမှုအတွက် အောင်ဝင်းဇော်တို့၏ ညီကိုဝမ်းကွဲတော်စပ်သူအပါ သုံးဦးအားစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာလ ၈ ။        ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ပူးပေါင်းကြံစဉ်မှုဖြင့် စွဲဆိုခံထားရသော အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့၏ ညီအကိုတစ်ဝမ်းကွဲတော်စပ်သူ ဖြစ်သည့် ဇော်မင်းဦး အပါအဝင် လိုပြသက်သေ ၃ ဦးအား ယနေ့ စက်တင် ဘာလ ၈ ရက်၊ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့သည်။

အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့၏ ညီအကိုတစ်ဝမ်းကွဲတော်စပ် သူဖြစ်သည့် ဇော်မင်းဦး အပါအဝင် အောင်ဝင်းဇော်နေအိမ်အား ရှာဖွေစဉ်က ပါဝင်ခဲ့သော ရာအိမ်မှူး ဦးကျော်တင့်နှင့် အောင်ဝင်းဇော် ကိုင် ဆောင်သည့် ဖုန်းနံပါတ် စာချုပ်အမည်ပေါက်သော ဦးသန်းရွှေတို့ အားစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လိုပြသက်သေများအား တရားရုံးရှေ့မှောက်တွင် စစ်ဆေးခဲ့ရာ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့၏ ညီအကို တစ်ဝမ်းကွဲတော်စပ်သူဖြစ်သည့် ဇော်မင်းဦးဆိုသူ ထွက်ဆိုချက်များမှာ ရဲတပ်ဖွဲ့ရှေ့တွင် ထွက်ဆိုခဲ့သော ထွက်ဆိုချက်များနှင့် လက်ရှိ တရားရုံးရှေ့မှောက်တွင် ထွက်ဆိုသော အချက်အလက်တစ်ချို့ ကွဲလွဲချက်များရှိ နေခဲ့ ကြောင်း သိရသည်။

“ကိုကြည်လင်းက ကိုအောင်ဝင်းဇော်တို့ အလုပ်ရုံကို ၁ဝ ကြိမ်လောက် ဝင်ထွက်သွားလာဖူးတယ်လို့ ရဲထံမှာ ထွက်ဆိုထားတာ ရှိတယ်။ အဲ့ဒါကို သူက ရဲထံမှာ အဲ့ဒီလိုမထွက်ခဲ့ပါဘူးလို့တော့ သူမငြင်းပါဘူး။ ရိုးရိုးသား သားပါ။ မမှတ်မိဘူးဘဲ ပြောတာ။ မမှတ်မိဘူး လို့ပြောတာနဲ့ မဟုတ်ပါဘူးလို့ပြောတာ အဓိပ္ပါယ်ဘယ်လိုရှိလဲ ကျွန်တော်လည်း စဉ်းစားလို့ မရသေးဘူး”ဟု အငှားယာဉ်မောင်းဦးနေဝင်းမိသားဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုပါ တရားလိုပြသက်သေ ဦးဇော်မင်းဦး ထွက်ဆိုချက်များ ကွဲလွဲနေသည့်အတွက် နှစ်ဖက်ရှေ့နေများ အ ငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ထွက်ဆိုချက်များကွဲလွဲနေမှုကို တရားရုံးမှ နှစ်ဖက်ရှေ့နေများအား သက်သေခံဥပဒေပုဒ်မ ၁၄၅/၁၅၅ တို့အရ ရာဇဝတ်ကျင့်ထုံး ၁၆၂ ဖြင့် သက်သေအား ယုံကြည်ထိုက်သူ ဖြစ်၊ မဖြစ် တိုက်ဆိုင်စစ် ဆေးရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

“ သက်သေက ရဲရှေ့မှာ ဖြူတယ်လို့ ပြောမယ်။ တရားရုံးရှေ့မှာ အဲ့ဒီသက်သေကပဲ အဲဒီအကြောင်းအရာကို မည်းတယ်လို့ ပြန်ပြောမယ်ဆိုရင်၊ ဆန့််ကျင်ပြီးထွက်ဆိုလာရင် အဲ့ဒီ သက်သေကို ယုံကြည်ထိုက်၊ မယုံကြည်ထိုက် ဆန်းစစ်ဖို့အတွက် သက်သေခံဥပဒေပုဒ်မ ၁၄၅/၁၅၅ တို့အရ ရာဇဝတ်ကျင့်ထုံး ၁၆၂ နဲ့ ချိတ်ဆက်ပြီးတော့ ဒီ သက်သေရဲ့တန်ဖိုးကို သိဖို့အတွက် ဒီလိုမျိုး တိုက်ဆိုင်စစ်ဆေးဖို့အတွက် ခွင့်ပြုထားတာပါ။ ဒီနေ့ အဲ့ဒီကိစ္စ အငြင်းပွားတယ် ဆိုတာကလည်း အဲ့ဒီလိုမျိုး အချက်တွေပေါ်မှာ ရာဇဝတ်ကျင့်ထုံး ၁၆၂၊ သက်သေခံ ဥပ ဒေပုဒ်မ ၁၄၅/ ၁၅၅ တို့နဲ့အညီ ဥပဒေမှာပေးထားတဲ့အတိုင်း နှစ်ဖက်အငြင်းပွားပြီးတော့ စစ်ဆေးကြတာ ဖြစ်ပါ တယ်”ဟု မြောက်ပိုင်းခရိုင်တရားရုံးမှ ပြန်ကြားရေးတာဝန်ခံ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောသည်။

NLD ပါတီဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်ပစ် ခတ်လုပ်ကြံခဲ့သူ ကြည်လင်းအပါအဝင် ပူးပေါင်းကြံစဉ်မှုဖြင့် စွဲဆိုခံထားရသော အောင်ဝင်းဇော်၊ သေနတ်ဖြင့် အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ လေးဦးကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး အဆိုပါ တရားလိုပြသက်သေ ၃ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး လူသတ်မှုအတွက် စစ်ဆေးရန် လိုပြသက်သေ အယောက် ၈ဝ ထိ တင်ထားပြီး လက်ရှိတွင် လိုပြသက်သေ ၃၄ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly