ဖနွမ်းပင်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား ကက်ဘိနက်အဖွဲ့တို့ အထူးတွေ့ဆုံ

By AFP
08 September 2017
ဖနွမ်းပင်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား ကက်ဘိနက်အဖွဲ့တို့ အထူးတွေ့ဆုံ

ဖနွမ်းပင်၊ စက်တင်ဘာ ၈ ။         ။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် ထိုင်းကက်ဘိနက်အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်သို့ ရောက်ရှိကာ ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆောင်သော အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးခန်းမဆောင်တွင် စက်တင်ဘာ ၇ ရက် နံနက်က တွေ့ဆုံသည်။

အဆိုပါ အရေးကြီးသည့် တွေ့ဆုံမှုအပြီးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ နှစ်ဖက်ခေါင်းဆောင်များက စိုက်ပျိုးရေးကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မူးယစ်ဆေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားအရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် နှစ်နိုင်ငံ ဆက်သွယ်ရေးတို့ကို မြှင့်တင်ရေး ဆွေးနွေးကြသည်။

ကုန်သွယ်ရေးကဏ္ဍတွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ၏ အပြန်အလှန် ကုန်သွယ်ရေးကို ၂၀၂၀ မကုန်မီ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ တိုးမြှင့်မည်ဟု ဟွန်ဆန်က ပြောသည်။

ထိုပြင် နှစ်နိုင်ငံကြား နယ်စပ်တစ်လျှောက် မူးယစ်ကင်းစင်ဇုန်ဖြစ်လာမည့် အဖြူရောင်ဇုန်ကိုလည်း ဖော်ဆောင်လိုကြောင်း ဟွန်ဆန်က ဆိုသည်။

ထိုင်းရောက် ကမ္ဘောဒီးယား ရွှွှေ့ပြောင်းအလုပ်သမားများကို တိုးပြီး အကူအညီပေးဖို့ရန်ကိုလည်း တောင်းဆိုခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ချန်အိုချာဖက်ကလည်း သဘောတူကြောင်း ၎င်းက ဆိုသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံက ထပ်တိုးခွန် ကောက်ခြင်းနှင့် အခွန်တိမ်းရှောင်မှု တားဆီးရေးဆိုင်ရာ သဘောတူညီမှုတို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly