ဒူတာတေး၏ သားက ဒေါ်လာ သန်း ၁၂၀ ကျော်ဖိုး မူးယစ်ဆေးဝါး မှောင်ခိုသွင်းမှုအတွက် ဖြေရှင်းနေရ

By AFP
08 September 2017
ဒူတာတေး၏ သားက ဒေါ်လာ သန်း ၁၂၀ ကျော်ဖိုး မူးယစ်ဆေးဝါး မှောင်ခိုသွင်းမှုအတွက် ဖြေရှင်းနေရ

 

မနီလာ၊ စက်တင်ဘာ ၈ ။         ။ တရုတ်မှ ဝင်သည့် အမေရိကန်ဒေါ်လာ သန်း ၁၂၅ သန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ မှောင်ခိုသွင်းရာတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း သမ္မတ ဒူတာတေး၏ သားဖြစ်သူက ဆီးနိတ်လွှတ်တော် စစ်မေးမှုတွင် စက်တင်ဘာ ၇ ရက်က လာရောက်အစစ်ခံသည်။

အဆိုပါ မူးယစ်မှောင်ခိုသွင်းမှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက်များသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်ကြောင်း သမ္မတ ဒူတာတေး၏ သားဖြစ်သူ ပေါလိုဒူတာတေးက ငြင်းဆန်သည်။

နိုင်ငံကို ဖျက်ဆီးနေသည်ဆိုကာ မူးယစ်ဆေးဝါးအား ချေမှုန်းရေးစစ်ပွဲကို သွေးထွက်သံယို အများဆုံးဖြင့် ဆင်နွှဲနေသည့် ဒူတာတေးအပေါ် ပြိုင်ဖက်ဖြစ်သူများက ၎င်း၏ သားဖြစ်သူ ပေါလိုသည် မူးယစ်ဆေးဝါးများ မနီလာဆိပ်ကမ်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ရန် အကူအညီပေးနေဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်း ပြောဆိုထားကြခြင်းဖြစ်သည်။

သားဖြစ်သူ ပေါလိုအား ဖုံးကွယ်စရာ ဘာမျှမရှိဘူးဆိုလျှင် ဆီးနိတ်၏ စစ်မေးမှုသို့ တက်ရောက်ရန် ပြောထားသည်ဟု ဒူတာတေးက စက်တင်ဘာ ၅ ရက်က ပြောသည်။

ထိုပြင် မေးခွန်းများကို ဖြေစရာမလိုကြောင်း၊ ဆိတ်ဆိတ်နေခွင့် အခွင့်အရေး ရှိကြောင်းလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

“တစ်ဆင့်စကား ကောလဟလတွေအပေါ် အခြေခံတဲ့ စွပ်စွဲချက်တွေကို ကျွန်တော် မဖြေနိုင်ဘူး။”ဟု ဒါဗာအို လက်ထောက်မြို့တော်ဝန်လည်းဖြစ်သူ ပေါလိုဒူတာတေးက ဆီးနိတ်တွင် ထွက်ဆိုသည်။

“ကျွန်တော် ခုလို ဆီးနိတ်စစ်မေးမှုကို တက်ရောက်ရတယ်ဆိုတာကလည်း ဖိလစ်ပိုင်ပြည်သူတွေနဲ့ ကျွန်တော် တာဝန်ယူထားရတဲ့ ဒါဗာအိုပြည်သူတွေအတွက်ပဲဖြစ်တယ်။”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ ဒါဗာအိုမြို့သည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီက ဒူတာတေး မြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့ရာ မြို့ဖြစ်သည်။

ဖိလစ်ပိုင်ခေါင်းဆောင် ဒူတာတေးက ၎င်း၏ မိသားစုဝင်တစ်ဦးဦး အကျင့်ပျက်ခြစားမှုတွင် ပါဝင်သည်ဟု သက်သေပြနိုင်သည်နှင့် ရာထူးက နုတ်ထွက်သွားမည်ဖြစ်ကြောင်း အဖန်ဖန် ပြောဆိုထားသူဖြစ်သည်။

ဆီးနိတ်စစ်မေးမှုတွင် ပေါလို၏ ဘေး ရှိနေသူ စီးပွားရေးသမားတစ်ဦးသည် ယခုမူးယစ်ဆေးဝါးများ မှောင်ခိုသွင်းမှုမှာ နောက်ကွယ်က ပါဝင်နေသူဖြစ်ကြောင်း ဓာတ်ပုံကို ပြလျက် သမ္မတ ဒူတာတေးအား စွဲစွဲမြဲမြဲ ဝေဖန်လျက်ရှိသူ လွှတ်တော်အမတ် အန်တိုနီယိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly