ကစားသမားဘဝကစံချိန်တင်ပြောင်းရွှေ့ကြေးကို နည်းပြဘဝ ၁ နှစ်ခွဲအတွင်းမှာ ပြန်ရှာပေးခဲ့တဲ့ ဇီဒန်း

ကစားသမားဘဝကစံချိန်တင်ပြောင်းရွှေ့ကြေးကို နည်းပြဘဝ ၁ နှစ်ခွဲအတွင်းမှာ ပြန်ရှာပေးခဲ့တဲ့ ဇီဒန်း

စက်တင်ဘာ ၈၊ စပိန် ။        ။ ရီးယဲလ်အသင်းက သူ့အတွက် ပေးချေခဲ့ရတဲ့ ကစားသမားဘဝက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို  ဇီဒန်းက ရီးယဲလ်နည်းပြဘ၀ ၁ နှစ်ခွဲအတွင်းမှာပဲ ဆုကြေးကနေ ပြန်လည် ရှာဖွေပေးခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ၂၀၀၁ ခုနှစ်တုန်းက ဇီဒန်းကို ဂျူဗင်တပ်စ်အသင်းဆီကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဇီဒန်းဟာ ရီးယဲလ်နည်းပြ ဖြစ်လာချိန်မှာတော့ တစ်နှစ်ခွဲအတွင်းမှာ ဆုကြေးငွေ ပေါင်သန်း ၁၀၀ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဇီဒန်းဟာ တစ်နှစ်ခွဲကာလအတွင်းမှာ ချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့ပြီး လာလီဂါဖလားတစ်ကြိမ်၊ စပိန်စူပါဖလားတစ်ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလားနှစ်ကြိမ်နဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတစ်ကြိမ် ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆုကြေးငွေ အများအပြားရရှိခဲ့တာ ဖြစ်ပါတယ်။

ဇီဒန်းဟာ ၂၀၁၅-၁၆ ရာသီဝက်က နည်းပြဘင်နီတက်ဇ်ရဲ့ ရီးယဲလ်နည်းပြနေရာကို ရယူခဲ့ပြီး အဲ့ဒီနှစ်မှာပဲ ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ အဲ့ဒီနှစ်မှာ ဆုကြေးပေါင် ၂၇ သန်းရခဲ့ပါတယ်။

၂၀၁၆-၁၇ ရာသီသစ်မှာတော့ ယူအီးအက်ဖ်အေစူပါဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကို ရယူပေးခဲ့ပြီး အဖွင့်လှခဲ့သလို ရာသီအဆုံးမှာ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကိုပါ ထပ်ရခဲ့ပါတယ်။ ဒါကြောင့် ဆုကြေးငွေက ပေါင်သန်း ၁၀၀ အထိ ရှိလာခဲ့ပါတယ်။ ၂၀၁၆-၁၇ ရာသီက ဇီဒန်းကို ရီးယဲလ်အသင်းသမိုင်းမှာ တစ်ရာသီအတွင်း ဆုဖလားအများဆုံးရယူနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။

ဒီနှစ်ရာသီသစ်မှာလည်း စပိန်စူပါဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတွေကို ရယူထားပြီးပါပြီ။ မကြာမီအချိန်အတွင်းမှာ ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ကစားရပါဦးမယ်။ ဒါကြောင့် ရီးယဲလ်အသင်းဘဏ္ဍာငွေထဲကို နောက်ထပ်ဆုကြေးသန်း ၅၀ လောက် ရောက်လာဖို့ ရှိနေပါသေးတယ်။

ဇီဒန်းဟာ ကစားသမားဘဝကလည်း ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနဲ့ ယူအီးအက်ဖ်အေစူပါဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly