အတ္တလန္တိတ်သမိုင်းတွင် အကြီးဆုံး ဟာရီကိန်းမုန်တိုင်းအာမာကြောင့် လူရှစ်ဦးသေဆုံး

By AFP
08 September 2017
အတ္တလန္တိတ်သမိုင်းတွင် အကြီးဆုံး ဟာရီကိန်းမုန်တိုင်းအာမာကြောင့် လူရှစ်ဦးသေဆုံး

 

စိန့်မာတင်၊ စက်တင်ဘာ ၈ ။           ။ အတ္တလန်တိတ်သမုဒ္ဒရာ ဟာရီကိန်းမုန်တိုင်းများထဲမှ သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်သည့် အင်အားပြင်းဟာရီကိန်းမုန်တိုင်း အာမာသည် ကာရေဘီယံဒေသ စိန့်မာတင်ကျွန်းအနှံ့ တိုက်ခိုက်ခဲ့ရာ လူ ရှစ်ဦးသေဆုံးကြောင်း ပြင်သစ်ပိုင် ကျွန်းအပိုင်းမှ အရေးပေါ်အလုပ်သမားများက စက်တင်ဘာ ၇ ရက်၌ ပြောသည်။

အဆိုပါ ဟာရီကိန်းမုန်တိုင်းအတွင်း ကာရေဘီယံ စိန့်မာတင်ကျွန်း ပြင်သစ်ပိုင်အပိုင်းတွင် ၉၅ ရာခိုင်နှုန်း ပျက်စီးမှုဖြစ်ကြောင်း ဒေသတာဝန်ရှိအကြီးအကဲ ဒီနီယယ်ဂစ်က ဆိုသည်။

"တကယ့် ပျက်စီးဆုံးရှုံးမှုကြီးတဲ့ ဘေးပါပဲ။ ကျွန်းရဲ့ ၉၅ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်။ တော်တော်တုန်လှုပ်စရာ ကောင်းတယ်။"ဟု ပြင်သစ်ရှေ့နေဟောင်းဖြစ်သူ ဂစ်က အပြည်ပြည်ဆိုင်ရာ ကာရေဘီယံရေဒီယိုသို့ ပြောခဲ့သည်။

အာမာမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း၂၉၅ ကီလိုမီတာခန့်ဖြင့် အနောက်နှင့် အနာက်မြောက်ပိုင်း ဘက်သို့ ရွေ့လျားနေပြီး လေတိုက်နှုန်းမှာ ပိုမိုမြင့်တက်လာနိုင်သည်ဟု အမေရိကန် ဟာရီကိန်းစောင့်ကြည့်လေ့လာရေး စင်တာ (NHC) က စက်တင်ဘာ ၆ ရက် နှောင်းပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

အာမာမုန်တိုင်းသည် အင်အားပြင်း ဟာရီကိန်းမုန်တိုင်းအဖြစ် ဆက်လက်ရှိနေပြီး ယင်းမုန်တိုင်းကြောင့် စနေနေ့အထိ မိုးရေချိန် ၂၀ မှ ၃၀ စင်တီမီတာခန့် ရွာသွန်းနိုင်ကာ အမြင့်ဆုံးမိုးရေချိန် အဖြစ် ၄၅စင်တီမီတာအထိ ရောက်ရှိနိုင်ကြောင်း NHC က ပြောသည်။

ထိုအပြင် ကာရေဘီယန်ပင်လယ် အရှေ့မြောက်ပိုင်း၌ ၂မီတာမှ ၃ မီတာခန့်အထိမြင့်သော လှိုင်းလုံးများ ပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly