အင်းဝအပ်ချုပ်ဆိုင်အမှု တရားခံပြသက်သေ ၃၈ ဦးအနက် ၁၃ ဦး စစ်ဆေးပြီးစီး

အင်းဝအပ်ချုပ်ဆိုင်အမှု တရားခံပြသက်သေ ၃၈ ဦးအနက် ၁၃ ဦး စစ်ဆေးပြီးစီး
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ စက်တင်ဘာလ  ၇ ။           ။ အိမ်အကူမိန်းကလေးနှစ်ဦးနှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုတွင် စွပ်စွဲခံရသူ ဒေါ်တင်သူဇာ အပါအ ဝင် ၆ ဦးဘက်မှ တင်သွင်းထားသော တရာခံပြသက်သေ ၃၈ ဦးအနက် ၁၃ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်သည်။

အဆိုပါ ခံပြသက်သေများကို သြဂုတ်လ ၂၂ ရက်နေ့ ရုံးချိန်းမှ စတင်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင် ဘာလ ၇ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ စွပ်စွဲခံရသူ ရာဇာထွန်း၏ အိမ်နီး ချင်းဖြစ်သူ ခံပြ သက်သေ ကိုနေမင်းထွန်းကို စစ်ဆေးခဲ့ကာ ရုံးချိန်း ၆ ချိန်းတွင် ခံပြသက်သေ ၁၃ ဦးထိ စစ်ဆေး ပြီးစီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများဖြစ်သည့် ဒေါ်တင်သူဇာအပါအဝင် ၆ ဦးကိုလည်း ဇူလိုင်လ ၁၃ ရက်ရုံးချိန်းမှ စတင်စစ်ဆေးခဲ့ကာ သြဂုတ်လ ၁၇ ရက်နေ့ရုံးချိန်းတွင် စစ်ဆေးပြီးစီးခဲ့သည်။

အိမ်အကူမိန်းကလေးငယ်နှစ်ဦးအား ညှင်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှု၊ ကလေးသူငယ်ဥပဒေပုဒ်မတို့ဖြင့် တရား စွဲဆိုခံထားရသော ဒေါ်တင်သူဇာအပါအဝင် ၆ ဦးကို တရားရုံးမှ စစ်ဆေးခဲ့ရာတွင် ၎င်းတို့က အဆိုပါ အမှုများကို လုံးဝ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး  ခံပြသက်သေ ၁၃ ဦးတို့ကလည်း အင်းဝအပ်ချုပ်ဆိုင်မိသားစုအနေဖြင့် ထိုသို့ အမှုများကို ကျူးလွန်ခဲ့ခြင်းများမရှိကြောင်း တရားရုံးရှေ့မှောက်တွင် ငြင်းဆိုကာ ထွက်ဆိုခဲ့ကြသည်။

“ ခံပြသက်သေတွေကတော့ သူတို့ရဲ့တရားခံဘက်က သက်သာအောင် တိုင်ပင်ပြီး ထွက်ဆိုတယ်လို့မြင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်တကယ် တရားရုံးက ဥပဒေအရာရှိ မေးတဲ့အခါမှာလည်း   ဖြေတာတွေ ကတော့ သိပ်ပြီးတော့ ဆီလျော်တာ မရှိဘူးပေါ့နော့။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ်ရာရရှိထားတဲ့ မိန်းကလေး ဆေးရုံတက်တယ်ဆိုတာက ရောဂါမရှိရင် ဆေးရုံက လက်ခံမှာ မဟုတ်ဘူးလေ။ ဒါ အဓိကအချက်မှာပဲ စလွဲ နေတယ်လို့ အန်တီမြင်တယ် ”ဟု အင်းဝအပ်ချုပ်ဆိုင်အမှုမှန်ပေါ်ပေါက်ရေးကော်မတီ ဥက္ကဋ္ဌ နော်အုန်းလှက သြဂုတ်လ ၃၁ ရက်နေ့ ရုံးချိန်းတွင် ပြောသည်။

စွပ်စွဲခံရသူ စုမွန်လတ်၏နေအိမ်တွင် အိမ်အကူလုပ်ကိုင်ခဲ့သူဖြစ်သည့် မစန်းကေခိုင်က  ၎င်းခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအမာရွတ်များနှင့် ပတ်သက်ပြီး ၂ဝ၁၇ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရား ရုံးတွင် လာရောက်ထွက်ဆိုခဲ့ရာ သူမ၏ တံတောင်ဆစ် အောက်ရှိ အမာရွတ်ကြီးမှာ ရာဇာထွန်းက ချုပ်ပေးပြီး စုမွန်လတ်က ဂတ်စ်မီးခြစ်ဖြင့် ကပ်သဖြင့် ရရှိသောဒဏ် ရာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

 ထို့ပြင် စုမွန်လတ်က သူမ၏ လက်ချောင်းများကို ချိုးသည့်အချိန်တွင် နာကျင်သဖြင့် စုမွန်လတ် လက်ကို ကိုင်လိုက် သဖြင့် ရာဇာထွန်းက ထပ်မံပြီး လက်များကို နောက်လှန်ချိုးခဲ့ကြောင်း၊ စုမွန်လတ်၏နေအိမ်တွင် တ နေကုန် အလုပ်လုပ်ရပြီး ကလေးများနှင့် ကစားသည့်အချိန်တွင်သာနားရကြောင်း စသဖြင့် မစန်းကေခိုင်က ထွက်ဆိုခဲ့သည်။

မစန်းကေခိုင်တွင် ရရှိခဲ့သည့် ဒဏ်ရာအမာရွတ်များနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းအောင် လာရောက်ထွက်ဆိုချက်အရ မစန်းကေခိုင် ခန္ဓာ ကိုယ်ပေါ်တွင် ပြင်ပဒဏ်ရာများအဖြစ် အမာရွတ်ပေါင်း ၁၇၃ ခုတွေ့ရှိရပြီး လက်ချောင်း ၁ဝ ချောင်းတွင်လည်း လက်မ နှစ်ချောင်းမှ လွဲ၍ ကျန်လက်ချောင်းများမှာ လက်ဆစ်ရိုး ပုံပျက်နေသည်ကို တွေ့ရှိရကြောင်းသိရသည်။

မစန်းကေခိုင်၏ ခန္ဓာကိုယ်အား ဓာတ်မှန်ရိုက်ကြည့်ရာတွင် ဦးခွံရိုးလည်ရစ်နေရာတွင် ချိုင့်ဝင်နေပြီး အလယ် ဆက်ကြောင်း ကျိုး သော ဒဏ်ရာ၊ ဝဲလက်မောင်းရိုး အောက်ပိုင်း ကျိုးသော ဒဏ်ရာ၊ လက်ချောင်းများ အလယ် တွင် အရိုးကျိုး ဒဏ် ရာ၊ ယာလက်ဖျံရိုး တစ်ချောင်းထိပ်စွန်းပိုင်း ကျိုးသော ဒဏ်ရာများ စစ်ဆေးတွေ့ရှိရ ကြောင်း သိရသည်။

အဆိုပါ အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူ ဇာ အပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို ခရိုင်တရားရုံးမှ မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက် တင် ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄၊ ၃၄၄/ ၁၁၄ တို့ဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး လာမည့် စက်တင်ဘာလ ၁၂  ရက်နေ့ ရုံးချိန်းတွင်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ခံပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly