အိန္ဒိယ-မြန်မာအကြား အပြန်အလှန်ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်သွားရေး ဒေါ်အောင်ဆန်းစုကြည်နှင့် မိုဒီ တို့ အလေးပေးပြောကြား

အိန္ဒိယ-မြန်မာအကြား အပြန်အလှန်ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်သွားရေး ဒေါ်အောင်ဆန်းစုကြည်နှင့် မိုဒီ တို့ အလေးပေးပြောကြား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

စက်တင်ဘာ ၆ ။       ။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံမှုတွေကို တိုးမြှင့်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ယနေ့ စက်တင်ဘာ ၆ ရက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်မိုဒီဟာ မြန်မာနိုင်ငံကို သုံးရက်တာအလည်အပတ်ခရီး ရောက်ရှိနေလျက်ရှိပြီး ပထမဆုံးနေ့မှာပဲ အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

ယခု ခရီးစဉ်ဟာ အိန္ဒိယဝန်ကြီးချုပ်အတွက်ကတော့ ပထမဆုံးသော နှစ်နိုင်ငံအကြား တရားဝင်ချစ်ကြည်ရေး ခရီးစဉ်လည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်ကတော့ မြန်မာနိုင်ငံကို လာရောက်ပြီး အာဆီယံ-အိန္ဒိယ ထိပ်သီးညီလာခံတက်ရောက်ထားခဲ့ပါသေးတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယမန်နှစ်တုန်းက အိန္ဒိယကို သွားခဲ့ပါသေးတယ်။

မြန်မာနဲ့ အိန္ဒိယတို့ လွတ်လပ်ရေးအသီးသီး ရခဲ့ချိန်ကစလို့ တည်ရှိလာခဲ့တဲ့ ဆက်ဆံရေးပိုင်းနဲ့ပတ်သက်လို့ အိန္ဒိယကို ကျေးဇူးတင်ပါတယ်ဆိုပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ အဖွင့်စကားဆိုခဲ့ပါတယ်။

" နှစ်နိုင်ငံဆက်ဆံရေးက အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုအပေါ် အခြေခံတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

" သိပ်မကြာခင်ကပဲ ကျွန်မတို့နိုင်ငံမှာ အကြမ်းဖက်ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်တွေ့ခဲ့ရချိန်မှာ ကျွန်မတို့နဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့တဲ့အတွက်လည်း အိန္ဒိယကို ကျေးဇူးအများကြီးတင်ပါတယ်၊ ဒီအကြမ်းဖက်မှုကို ကျွန်မတို့ မြေပေါ်မှာရော၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြေပေါ်မှာပဲ အမြစ်မတွယ်သွားအောင်လို့ ကျွန်မတို့ အတူတကွ ပူးပေါင်း တိုက်ဖျက်ကြရမှာဖြစ်ပါတယ်" ဆိုပြီး ၎င်းက ထပ်လောင်းပြောသွားပါတယ်။

ဝန်ကြီးချုပ် မိုဒီကလည်း အိန္ဒိယရဲ့ ဒီမိုကရေစီဖြတ်သန်းမှု အတွေ့အကြုံတွေက မြန်မာအတွက် ဆက်စပ်နေကြောင်း ဟိန္ဒူဘာသာစကားနဲ့ ပြောဆိုပါတယ်။

" လမ်းတွေ၊ တံတားတွေ၊ အမြန်လမ်းမကြီးတွေ၊ ဓာတ်အားဆက်သွယ်မှုတွေနဲ့ ဆက်သွယ်ရေးကွန်ရက်တွေ တည်ဆောက်မှုပိုင်းမှာ များပြားလာနေတာကို ကြည့်ရင် ဒါဟာ မှန်ကန်တဲ့ ဦးတည်ချက်တစ်ခုနဲ့လုပ်ဆောင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်သလို အိန္ဒိယနဲ့ မြန်မာအကြြား ဆက်ဆံမှုပိုင်းအတွက် ပိုမိုတောက်ပတဲ့ အနာဂတ်တစ်ခုကိုပါ ညွှန်းဆိုနေပါတယ်" လို့ မိုဒီက ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေလိုမျိုးပဲ မြန်မာနိုင်ငံမှာလည်း ပညာရေး၊ ကျန်းမာရေးနဲ့ သုတေသန အဆင့်အတန်းမြင့်မားဖို့အတွက် မြန်မာအစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေအပေါ်မှာလည်း ချီးကျူးရမှာဖြစ်ပါတယ်၊ သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးဖို့လည်း အရေးကြီးပါတယ်" လို့ ၎င်းက ပြောပါတယ်။

လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့ နှစ်နိုင်ငံစလုံးရဲ့ ဦးတည်ချက်၊ အလေးထားမှုတွေက တူညီကြောင်း၊ နှစ်နိုင်ငံ အကြား ထိစပ်နေတဲ့ မြေပြင်နဲ့ ရေပြင် နယ်စပ်တွေမှာ တည်ငြိမ်အေးချမ်းဖို့အတွက် နှစ်ဘက်စလုံးက အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်က ပြောသွားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ မြန်မာအစိုးရ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ နားလည်သဘောပေါက်ပါကြောင်း ၎င်းက ပြောခဲ့ပါသေးတယ်။

" မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆီ ဦးတည်လုပ်ဆောင်ပေးနေတဲ့ အဆွေတော်ရဲ့ ရဲရင့်တဲ့ အားထုတ်မှုနဲ့ပတ်သက်လို့ ချီးကျူးလိုပါတယ်၊ ဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့အချိန်တွေမှာ မြန်မာအစိုးရဘက်ကနေ ကျွန်တော်တို့ ရပ်တည်နေပါတယ်" ဆိုပြီး ၎င်းက ပြောပါတယ်။

နှစ်နိုင်ငံအကြား ဆက်သွယ်ရေးပိုမိုတိုးတက်ဖို့ အားထုတ်မှုတွေကလည်း မှန်ကန်တဲ့ ဦးတည်ချက်အောက်က ခြေလှမ်းတစ်ရပ်ဖြစ်ပြီး သွက်လက်မြန်ဆန်တဲ့ အရှိန်အဟုန်တစ်ခုနဲ့ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ မိုဒီက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly