အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ထပ်မံ ခိုင်မာစေခြင်း

အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ထပ်မံ ခိုင်မာစေခြင်း
ဓာတ်ပုံ-မင်းမင်း
 

စက်တင်ဘာ ၆ ။           ။ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ စက်တင်ဘာ (၅-၇) မြန်မာနိုင်ငံခရီးစဉ်နှင့်အတူ အိန္ဒိယအနေဖြင့် မြန်မာနှင့်အကြား နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးစားလာသည်။

မိုဒီ ၎င်း၏ တွစ်တာအကောင့်မှတဆင့် ရေးသားကြေညာထားသည့်အတိုင်း အိန္ဒိယတို့အနေဖြင့် အခြေခံအဆောက်အအုံ ပရောဂျက်တွေ အထူးသဖြင့် နှစ်နိုင်ငံအကြား ဆက်သွယ်ချိတ်ဆက်မှုနှင့် ဆက်နွယ်နေသည့် စီမံကိန်းတွေကို အထူးဦးစားပေးသွားဖို့ ရှိနေသည်။

" ဒါက အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒရဲ့ အောင်မြင်နိုင်မှုအတွက် အဓိက ကျနေပါတယ်၊ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့ အခြား အရှေ့တောင်အာရှနိုင်ငံများဆီသို့ ချိတ်ဆက်ပေါက်ရောက်နိုင်ဖို့ အိန္ဒိယဘက်က ဆန္ဒရှိနေပါတယ်၊ ဒါ့အပြင် ကုလားတန်ဘက်စုံ စီမံကိန်းကို အသုံးပြုပြီးတော့ ပြည်မကြီးနဲ့ ယင်းရဲ့ အရှေ့မြောက်ဒေသတို့ကို ချိတ်ဆက်ဖို့ ကြိုးစားနေတာပါ" ဆိုပြီး မဏိပူရ် တက္ကသိုလ်က   မြန်မာ့အရေးလေ့လာမှုစင်တာ အကြီးအကဲ Jiten Nongthoubam က ပြောသွားသည်။

အိန္ဒိယအနေနဲ့ ယင်းရဲ့ အရှေ့မျှော်ဝါဒအတိုင်း ကျင့်သုံးနိုင်ဖို့အတွက် ကာလကြာ အကျပ်ဒုက္ခရိုက်နေခဲ့တဲ့ အရှေ့မြောက်ဒေသကို အသုံးချမယ့်ဟန်ရှိတဲ့ ခု မူဝါဒနဲ့ ခုလုပ်နေတာတွေက ရှုပ်ထွေးပွေလီစွာနဲ့ ချိတ်ဆက်ပတ်သက်နေပါတယ်  လို့လည်း Jiten က ပြောသည်။

" ဒါကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ မြန်မာလို အိမ်နီးချင်းနိုင်ငံတွေမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံအပိုင်းတွေကို သမားရိုးကျမဟုတ်တဲ့ တိုးမြင့်လုပ်ဆောင်မှုတွေ ကျွန်တော်တို့ မြင်တွေ့ထားရတာဖြစ်ပါတယ်၊ ပထမအကြိမ်အဖြစ် ကောင်းစွာကြံစည်ထားတဲ့ မူဝါဒတစ်ရပ်ရဲ့ အပိုင်းတစ်ခု ဖြစ်ချင်ဖြစ်နိုင်ပါတယ်" ဆိုပြီး အိန္ဒိယ thinktank အဖွဲ့တစ်ခုဖြစ်တဲ့ RIS က သုတေသီ Prabir De က ပြောသည်။

သို့သော် ဝန်ကြီးချုပ် မိုဒီ တွစ်တာတွင် ရေးသားထားသည်များထဲတွင် တွေ့ရှိရသည့် အချက်များအရ အိန္ဒိယအနေဖြင့် လုံခြုံရေးပိုင်းမှာ မြန်မာနဲ့ ပိုမိုပူးပေါင်းသွားပြီး အကြမ်းဖက်မှုအပေါ် ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ပါရှိထားသည်။ ယင်းအပြင် ကာလကြာရှိခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရေးနှင့် ဘင်္ဂလီ မွတ်ဆလင်အကြမ်းဖက်မှုအပေါ်  နှိမ်နင်းကာကွယ်သွားရေးတို့အတွက်   မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် အိန္ဒိယဘက်က ထောက်ခံကြောင်းလည်း ပါရှိသည်။

အိန္ဒိယ၏ စစ်ဘက်လေ့ကျင့်သင်ကြားရေးအဖွဲ့များသည်လည်း မြန်မာ့တပ်မတော်နှင့် လက်တွဲပူးပေါင်းလုပ်ဆောင်နေလျက်ရှိပြီး မြန်မာစစ်တပ်ကို ကုလ ငြိမ်းချမ်းရေးစောင့်ကြည့်မှုတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အိန္ဒိယလေ့ကျင့်သင်ကြားရေးအဖွဲ့များဘက်က လေ့ကျင့်သင်ကြားပေးဖို့ ပြင်ဆင်နေလျက်ရှိသည်။

အကြမ်းဖက်မှုအပေါ် မြန်မာအစိုးရ၏ တိုက်ဖျက်နေမှုတို့ကို ဒေလီအစိုးရဘက်က ထောက်ခံအားပေးပါကြောင်း၊ သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်အဖွဲ့လက်ချက်ကြောင့်   သေဆုံးခဲ့ရသည့်   မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်းများအတွက်လည်း ဝမ်းနည်းကြေကွဲမိပါကြောင်း ဆိုပြီး ဝန်ကြီးချုပ် မိုဒီ၏ မြန်မာခရီးစဉ်မတိုင်ခင်လေးမှာပဲ အိန္ဒိယဘက်က ကြေညာချက်ထုတ်ပြန်ပေးခဲ့ခြင်းကို ကြည့်မည်ဆိုပါက အိန္ဒိယအစိုးရအနေဖြင့် မြန်မာအရပ်သားအစိုးရနှင့်သာမက မြန်မာ့တပ်မတော်နှင့်ပါ ပိုမိုချိတ်ဆက်ပူးပေါင်းလိုနေမှုကို မြင်တွေ့ရဦးမည်ဖြစ်သည်။

" ဒေါ်အောင်ဆန်းစုကြည် အစိုးရရော၊ စစ်တပ်နဲ့ပါ သံတမန်နည်းအရ ချိတ်ဆက်ဆက်ဆံခြင်းဟာ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါတယ်၊ ဒါ အောင်မြင်မယ်ဆိုရင် ပါကစ္စတန်မှာလည်း ကျင့်သုံးလို့ ရနိုင်ပါတယ်" ဆိုပြီး Maulana Azad ကောလိပ် အာရှရေးရာ ဌာန အကြီးအကဲဟောင်း ပါမောက္ခ Jayanta Ray က ပြောပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ကိုတော့ ဘင်္ဂလားဒေ့ရှ် JMB ၊ အိန္ဒိယ၏ Mujahideen တို့နဲ့အတူ ပါကစ္စတန် အကြမ်းဖက်အဖွဲ့ LET က ကျောထောက်နောက်ခံပြုထားတဲ့ ဂျီဟက်ကွန်ရက်အစိတ်အပိုင်းတစ်ခုအဖြစ် အိန္ဒိယ ထောက်လှမ်းရေးအေဂျင်စီက ရှုမြင်ထားလျက်ရှိသည်။

" ဒါကြောင့် ဒီလို အန္တရာယ်များတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်၊ ဒါကြောင့်လည်း မိုဒီအနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးပိုင်းမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဘာလို့ အလေးပေးပြောနေရတာလဲဆိုတာကို မြင်နိုင်ပါလိမ့်မယ်" ဆိုပြီး အမည်မဖော်လိုသူ အိန္ဒိယထောက်လှမ်းရေးအရာရှိကြီးတစ်ဦးက ပြောသည်။

ယခုအချိန်တွင် ရခိုင်ကိစ္စမှာ နှုတ်ဆိတ်နေပြီး ကျောက်ဖြူပရောဂျက်မှာလည်း အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းထိ လိုချင်နေလျက်ရှိတဲ့ တရုတ်ကို မြန်မာပြည်သူတွေ သိပ်ပြီးသဘောမကျတော့သည့် အခြေအနေက အိန္ဒိယရဲ့ မြန်မာနဲ့အကြားဆက်ဆံမှုတိုးမြင့်ရေးအတွက် အကူအညီဖြစ်စေရန်လည်း ရှိနေသည်။

ယင်းအပြင် အိန္ဒိယသံအမတ်ကြီး Vikram Misri ကလည်း တရုတ်ကို ရည်ညွှန်းပြီး ပြောခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် အိန္ဒိယ၏ ဖွံ့ဖြိုးရေးအကူအညီ ပရောဂျက်များက   မြန်မာ ပြည်သူများအတွက်သာ ရည်ရွယ်ကြောင်း၊ မြန်မာအစိုးရနှင့်ပြည်သူများသာ ပိုင်ဆိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသွားခြင်းဖြစ်သည်။

" ဒါကိုကြည့်ရင် ကျွန်တော်တို့လုပ်ပေးနေတာတွေက ဒီနိုင်ငံမှာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ကြည့်ပြီးလုပ်နေတဲ့ တစ်ချို့နိုင်ငံတွေလုပ်နေတာနဲ့တော့ ကွာခြားနေပါလိမ့်မယ်" ဆိုပြီး Vikram Misri က တရုတ်နဲ့ ကျောက်ဖြူစီမံကိန်းကို ရည်ညွှန်းပြောဆိုသွားသည်။ ယခုအခါ အိန္ဒိယတို့ လုပ်နေသည့် ကုလားတန်ဘက်စုံစီမံကိန်းမှာမူ ပထမအဆင့်နှစ်ဆင့် ပြီးစီးသွားပြီ ဖြစ်သည်။

မြန်မာအပေါ် ထားသည့် အိန္ဒိယ၏ မူဝါဒကို သုံးသပ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျှော့ချကန့်သတ်နိုင်ရေး ရည်ရွယ်သည်သာမကဘဲ မြန်မာမှတဆင့် အရှေ့တောင်အာရှဒေသကို ချိတ်ဆက်မည့် ယင်း၏ အရှေ့မျှော်ဝါဒကိုပါ ဆက်လက်တွန်းအားပေးလုပ်လိုသည့် ရည်မှန်းချက်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ဒါ့အပြင် အိန္ဒိယအနေဖြင့် မြန်မာအရပ်သားအစိုးရ၊ စစ်တပ်နှင့်အကြား ပိုမိုခိုင်မာသည့် ချိတ်ဆက်ပူးပေါင်းမှုများနှင့်အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ရွှေတြဂံနယ်မြေတွင် စိုက်ပျိုးဖြစ်ထွန်းသော မူးယစ်ဆေးများကို နှိမ်နင်းထိန်းချုပ်ရေး၊ တရုတ်ဖြစ် လက်နက်များ တရားမဝင် ရောင်းချမှုများကိုပါ ထိန်းချုပ်ရေးတို့တွင် လုပ်ဆောင်နေလျက်ရှိသည်။

ဒါ့အပြင် မြန်မာလွှတ်တော်အမတ်များကို အိန္ဒိယတွင် လွှတ်တော်ဆိုင်ရာ သင်ကြားမှုများ ဆောင်ရွက်ပေးခြင်းမှတဆင့် မြန်မာ့ဒီမိုကရေစီ ပိုမိုအခြေခိုင်ရေး အိန္ဒိယက မြန်မာကို ကူညီနေလျက်ရှိသည်။

အိန္ဒိယအနေဖြင့် ယင်း၏ အရှေ့မြောက် သူပုန်များကို နှိမ်နင်းရှင်းလင်းခြင်းဖြင့် နယ်စပ် ဧရိယာများကို ထိန်းချုပ်ရှင်းလင်းနိုင်ဖို့ ကြိုးပမ်းနေသကဲ့သို့ ယင်းဒေသများကို ငြိမ်းချမ်းရေးဇုန်တစ်ခုအဖြစ် ပြောင်းလဲပြီး ယင်း၏ အရှေ့မျှော်ဝါဒကို ဆက်လက်ဖော်ဆောင်ရန် ကြိုးပမ်းနေလျက်ရှိသည်။

" မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးအရ အင်အားရှိခြင်းက အိန္ဒိယအတွက် အကျိုးရှိစေပါတယ်၊ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံဆီကို လျှပ်စစ်တွေ၊ ရေနံထုတ်ကုန်တွေလည်း   ရောင်းချပေးချင်ပါတယ်၊ မြစ်ဆုံလို အငြင်းပွားစီမံကိန်းကနေတဆင့် လျှပ်စစ်တွေဘာတွေ ယူဖို့ လုပ်နေတာမျိုး ကျွန်တော်တို့မှာ မရှိပါဘူး" ဆိုပြီး အိန္ဒိယ thinktank CENERS က John Mukherjee က ပြောသည်။

" ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံကို အင်အားကောင်းပြီး သာယာဝပြောတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့၊ အိမ်နီးချင်းတွေနဲ့ရော ပြည်တွင်းက တိုင်းရင်းသားအားလုံးနဲ့ပါ ငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ ဆန္ဒရှိပါတယ်၊ အိန္ဒိယအတွက် မြန်မာက အရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ မြန်မာရော ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အရှေ့မြောက်ဒေသတွေမှာ ဆက်လက်ပြီးတော့ အနှောက်အယှက်တွေ ရှိနေဦးမယ်ဆိုရင် ဘယ်လိုပဲ လမ်းပန်းအခြေအနေကောင်းကောင်း အခြား အာဆီယံနိုင်ငံတွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်ဆက်သွယ်လို့ ရမှာမဟုတ်ပါဘူး" ဆိုပြီး အိန္ဒိယအရှေ့ခြမ်းစစ်တပ် အကြီးအကဲဟောင်း Mukherjee က ပြောပါတယ်။

၎င်းရဲ့ နောက်ဆုံးစကားတစ်ခွန်းက တရုတ်ကို ရည်ရွယ်တယ်ဆိုတာ ရှင်းလင်းနေပါတယ်။ " ကျွန်တော်တို့က မြန်မာကို ကျွန်တော်တို့ရဲ့ မိတ်ဘက်နိုင်ငံတစ်ခု၊ မဟာမိတ်နိုင်ငံတစ်ခု ဖြစ်စေချင်ပါတယ်၊ ကျွန်တော်တို့ရဲ့ လက်ပါးစေ ဖြစ်စေချင်တာမျိုး မရှိပါဘူး"။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly