ဖာဂူဆန်၏ ချန်ပီယံလိဂ်ပွဲအများဆုံးနည်းပြစံချိန်ကို ရယူရန် မော်ရင်ဟို ပစ်မှတ်ထားနေ

ဖာဂူဆန်၏ ချန်ပီယံလိဂ်ပွဲအများဆုံးနည်းပြစံချိန်ကို ရယူရန် မော်ရင်ဟို ပစ်မှတ်ထားနေ

စက်တင်ဘာ ၆၊ အင်္ဂလန် ။          ။ မန်ယူနည်းပြမော်ရင်ဟိုသည် ဆာအဲလက်စ်ဖာဂူဆန်၏ ချန်ပီယံလိဂ်ပွဲအများဆုံးနည်းပြစံချိန်ကို ရယူရန် ပစ်မှတ်ထားလျက်ရှိနေသည်။

စကော့တလန်လူမျိုးနည်းပြ ဖာဂူဆန်သည် မန်ယူအသင်းနှင့် ချန်ပီယံလိဂ်ပွဲပေါင်း ၁၉၄ ပွဲ ပြိုင်ပွဲဝင်ခဲ့ပြီး ချန်ပီယံဆုဖလား ၂ ကြိမ် ရရှိခဲ့သည်။

ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုမှာ လက်ရှိအချိန်တွင် ချန်ပီယံလိဂ်ပွဲပေါင်း ၁၃၃ ပွဲ ကိုင်တွယ်နည်းပြထားပြီး ဖာဂူဆန်၏စံချိန်ကို လိုက်မီရန် ၆၁ ပွဲ လိုအပ်နေသေးသည်။ မော်ရင်ဟိုသည် ပေါ်တို၊ အင်တာမီလန်အသင်းတို့နှင့် ချန်ပီယံလိဂ်ဆုဖလား ၂ ကြိမ် ရရှိခဲ့သည်။

“ကျွန်တော်က ထိပ်ဆုံးလေးယောက်၊ ငါးယောက်စာရင်းထဲ ဝင်နေတယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ထိပ်ဆုံးက ဖာဂူဆန်နဲ့တော့ တော်တော်လေးဝေးကွာနေပါသေးတယ်။ ဒီစံချိန်ကို ရရှိဖို့ ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ” ဟု မော်ရင်ဟိုက ဆိုသည်။

မန်ယူအသင်းမှာ ယမန်နှစ်က ယူရိုပါလိဂ်ပြိုင်ပွဲသာ ဝင်ခွင့်ရခဲ့သည့်အတွက် မော်ရင်ဟိုမှာ တစ်ရာသီ နစ်နာခဲ့ရသည်။

“ပြီးခဲ့တဲ့ရာသီက မန်ယူက ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ ဒီစံချိန်အတွက် နစ်နာခဲ့ရပါတယ်။ ဒါပေမဲ့ မန်ယူအသင်းဘယ်ကိုရောက်ရောက် မန်ယူနဲ့အတူရှိနေရတာကို ကျွန်တော်ပျော်ပါတယ်။

ဒါပေမယ့်ချန်ပီယံလိဂ်ပြိုင်ပွဲက ကျွန်တော်တို့အားလုံး ယှဉ်ပြိုင်လိုတဲ့ ပြိုင်ပွဲပါ။ ဒါက ကစားသမားတွေအတွက် ကောင်းသလို ကျွန်တော်နဲ့ ပရိသတ်တွေအတွက်လည်း ကောင်းပါတယ်။ အိုးထရက်ဖို့ဒ်မှာ ပထမဦးဆုံးကစားရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် သုံးပွဲကတော့ တကယ်ကို အကောင်းဆုံးဖြစ်လာမယ့်လို့ ထင်ပါတယ်” ဟု မော်ရင်ဟိုက ဆိုသည်။

မန်ယူအသင်းသည် ဘင်ဖီကာ၊ ဘေဆယ်လ်၊ စီအက်စ်ကေအေမော်စကိုတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး လာမည့်အပတ်တွင် အုပ်စုအဖွင့်ပွဲစဉ်ကို စတင်ကစားရမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly