သူတော်စင် မာသာထရီစာ နှစ်ပတ်လည်နေ့ အိန္ဒိယတွင် ကျင်းပ

သူတော်စင် မာသာထရီစာ နှစ်ပတ်လည်နေ့ အိန္ဒိယတွင် ကျင်းပ

 

နယူးဒေလီ၊ စက်တင်ဘာ ၆ ။              ။ အိန္ဒိယအရှေ့ပိုင်း ကို့လ်ကတ္တားမြို့တွင် အခြေစိုက်သည့် ချို့တဲ့သူများ ကူညီပေးရေးအသင်း Missionaries of Charity က မာသာထရီစာ ကွယ်လွန်ခြင်းနှင့် သူတော်စင် စာရင်းသွင်းခံရခြင်း နှစ်ပတ်လည်အထိမ်းအမှတ်ကို စက်တင်ဘာ ၅ ရက်တွင် ကျင်းပပြုလုပ်သည်။

ပြီးခဲ့သည့်နှစ်က သူတော်စင်အဖြစ် စာရင်းသွင်းခံရသည့် အယ်လ်ဘေးနီးယား သီလရှင် မာသာထရီစာ ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့ရာ အိမ်တွင် ယုံကြည်သက်ဝင်သူများက စက်တင်ဘာ ၄ ရက်မှ စတင်ကာ အထိမ်းအမှတ် ဝတ်ပြုမှုများအား စက်တင်ဘာ ၅ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Missionaries of Charity ၏ ပြောရေးဆိုခွင့်ရှိသူ ဆူနီတာကူးမားက ပြောသည်။

“စက်တင်ဘာ ၄ ရက် ဝတ်ပြုဆုတောင်းပွဲမှာ ဘာသာပေါင်းစုံက လူတွေ တက်ရောက်ခဲ့ပါတယ်။”ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင်လည်း သူတော်စင် မာသာထရီစာအား ဂုဏ်ပြုသည့် အထူးဝတ်ပြုဆုတောင်းမှုများကို ဆက်လက်ပြုလုပ်ကြသည်။

မာသာထရီဆာအား ဗာတီကန်စီးတီးက ၂၀၀၃ အောက်တိုဘာ ၁၉ ရက်တွင် သူတော်စင်တစ်ဦးအဖြစ် ဂုဏ်ပြုချီးမွှမ်းခဲ့ကာ ၂၀၁၆ စက်တင်ဘာ ၄ ရက်က သူတော်စင်အဖြစ် စာရင်းသွင်းခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံအတွင်း မရှိဆင်းရဲသား ချို့တဲ့သူများအတွက် စွမ်းစွမ်းတမံကူညီဆောင်ရွက်ခဲ့သည့် မာသာထရီစာသည် ၁၉၉၇ စက်တင်ဘာ ၅ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မာသာထရီစာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည့် အနာကြီးရောဂါသည်များ၊ အေအိုင်ဒီအက်စ်လူနာများ၊ မိဘမဲ့များ၊ ပြည့်တန်ဆာများ၊ ခိုကိုးရာမဲ့များနှင့် ချို့တဲ့သူများအား အကူအညီပေးရေး အသင်းများသည် လက်ရှိတွင် နိုင်ငံပေါင်း ၁၃၀ ကျော်တွင် မစ်ရှင်ပေါင်း ၄၅၀၀ ဝန်းကျင် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly