တပ်မတော်ပိုင် လေ့ကျင့်ပျံသန်းရေး ဂျက်လေယာဉ်တစ်စီး ပျောက်ဆုံးနေ

တပ်မတော်ပိုင် လေ့ကျင့်ပျံသန်းရေး ဂျက်လေယာဉ်တစ်စီး ပျောက်ဆုံးနေ
(ဓာတ်ပုံ- စည်သူမောင်မောင်)

နေပြည်တော်(စက်တင်ဘာ ၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် သုံးစီးသည် ဧရာဝတီတိုင်း၊ ပုသိမ်လေဆိပ်မှ ယနေ့ စက်တင်ဘာ ၅ရက်၊ နံနက်ပိုင်းက စတင်ကာ ပျံသန်းလေ့ကျင့်ခဲ့ပြီး အဆိုပါ G-4 ဂျက်လေယာဉ် ၃စီးအနက် တစ်စီးမှာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးလျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်သည့် G-4 ဂျက်လေယာဉ်သည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉နာရီ ၁၈မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆မိုင်ခန့်အကွာ၌ ုပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်သွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “အဆက်သွယ်ပြတ်နေလို့ မြေပြင်မှာ တောက်လျှောက် လိုက်ရှာနေတယ်။ ပျက်ကျတဲ့ အနေအထားတော့ မတွေ့သေးဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါပျောက်ဆုံးလျက်ရှိသည့် G-4 ဂျက်လေယာဉ်အား မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန် ၇ ရက်ကလည်း တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 200 F အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၀)တစ်စီး ပျက်ကျခဲ့ပြီး  စစ်သည်/မိသားစု ၁၀၈ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ဦး၊ စုစုပေါင်း ၁၂၂ဦး အသက်ဆုံးရှုံးခဲ့ရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags