မူဆယ်-လားရှိုး-မိုးမိတ် ခရီးသည်ယာဉ်ပေါ်မှ ကျပ် သိန်း၄၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မူဆယ်-လားရှိုး-မိုးမိတ် ခရီးသည်ယာဉ်ပေါ်မှ ကျပ် သိန်း၄၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
ဓာတ်ပုံ- ကျော်ဇင်

 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-လားရှိုး-မိုးမိတ်သို့ ပြေးဆွဲနေသည့် ချမ်းသာအောင် ခရီးသည်ယာဉ်ပေါ်မှ ဘိန်းဖြူပါ ဆပ်ပြာခွက် ၂၂ခွက်ကို စက်တင်ဘာလ ၂ရက်နေ့ ည ၈ နာရီခွဲ မိုးမိတ် ခလရ (၂၂၃)စစ်တပ်ရင်း ဂိတ်ရှေ့တွင် ရှာဖွေစစ်ဆေးရာမှ စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ် ဘော်ဒေကျေးရွာမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသင်းမှ ကိုကံညွန့်က “ ကားကတော့ လားရှိုးကနေ မိုးကုတ်ကို သန့်ဇင်ဆိုတဲ့ နာမည်နဲ့ ပါဆယ်ထုပ် ပါလာတယ်လေ။ အဲမိုးကုတ်မှာ ဆက်မဆင်းဘဲနဲ့ နောက်တစ်စီးပေါ်ကို အဲပါဆယ်ထုပ် လွှဲလိုက်တယ်။ ဒီမှာ ရှမ်းရိုးမစစ်ဆင်ရေးရှိတော့ စစ်ဆေးတော့ မိတယ်။ လူတော့ မမိဘဲ ပါဆယ်ထုပ်နဲ့အတူ ကားသမားကို ထိန်းသိမ်းထားတယ်။ မနေ့မနက်ရောက်တော့ ဒီဘော်ဒေရွာနေတဲ့လူ လာရွေးတော့ တစ်ခါတည်းဖမ်းလိုက်တယ်” ဟု ပြောသည်။

အဆိုပါဖမ်းမိသည့် ဘိန်းဖြူပါဆပ်ပြာခွက်များမှာ မိုးမိတ်မြို့နယ် ဘော်ဒေကျေးရွာမှဖြစ်ပြီး ဖမ်းဆီးရမိသည့် ဘိန်းဖြူ၏ ပျှမ်းမျှတန်ဖိုးမှာ ကျပ်သိန်း ၄၀ ခန့်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့တွင် ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ ဗောဓိကုနန်းရပ်ကွက်၊ မြစပယ် ၆လမ်းရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးရမိသည့် ကျပ်သိန်း ၅၂၀ရှိ မူးယစ်ဆေးဝါးမှာလည်း ယခုလက်ရှိဖမ်းမိသည့် သန့်ဇင်၏ ဇာတိဖြစ်သည့် မိုးမိတ်မြို့နယ် ဘော်ဒေကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

“ဒီဘော်ဒေ မိုးဟောက်မှာတော့ ပြောစရာမလိုတော့ဘူး အဓိက မိန်းဖြစ်နေတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ရန်ကုန်မှာမိတယ်လေ။ ဒီမိုးဟောက်က လူတွေပဲ။ ဒီမှာက ခြံထွက်လိုပုံစံကို ဖြစ်နေတာ။ ထိန်းလို့တောင် မနိုင်တော့ဘူး။ လူငယ်တွေရော လူကြီးတွေရော သုံးနေကြတယ်” ဟု ကိုကံညွန့်က ဆက်ပြောသည်။

လက်ရှိ ဖမ်းစီးရမိသည့် ဘိန်းဖြူပိုင်ရှင်ဖြစ်သူ သန့်ဇင်အပါအဝင် အငှားယာဉ်မောင်းများကို မိုးမိတ်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ပြီး အမှုကို ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly