ကုလသမဂ္ဂလုံခြံုရေးကောင်စီက မြောက်ကိုရီးယားအရေးကိစ္စအတွက် အရေးပေါ်အစည်းအဝေးပြုလုပ်

By AFP
05 September 2017
ကုလသမဂ္ဂလုံခြံုရေးကောင်စီက မြောက်ကိုရီးယားအရေးကိစ္စအတွက် အရေးပေါ်အစည်းအဝေးပြုလုပ်

 

စက်တင်ဘာ ၅ ။                  ။ မြောက်ကိုရီးယားတို့၏ အင်အားအပြင်းထန်ဆုံးဖြစ်သော ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ကိစ္စအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ပြုံယမ်းအစိုးရအပေါ် တုံ့ပြန်အရေးယူသွားကြမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။

တာဝေးပစ်ဒုံးကျည်ထိပ်ဖူးထဲ၌ ထည့်သွင်းပစ်လွှတ်နိုင်သော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို ပြီးခဲ့သောတနင်္ဂနွေနေ့ ၌ မြောက်ကိုရီးယားတို့က စမ်းသပ်ခဲ့သည့်အတွက် ထိုကိစ္စနှင့်ပက်သက်၍ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က တောင်းဆိုခဲ့ကြသည်။

အမေရိကန်သံအမတ် နစ်ကီဟာလေက မြောက်ကိုရီးယားတို့ကို ဖြစ်နိုင်သလောက် အပြင်းထန်ဆုံးအရေးယူ ပေးရန် ကောင်စီအား တိုက်တွန်းပြောကြားခဲ့သည်။

“အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှု ပြုလုပ်မှုသာ ကျွန်မတို့အနေနဲ့ သံတမန်ရေးအရ ဒီကိစ္စကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” ဟု သူမက ပြောခဲ့သည်။

ဒါ့အပြင် တောင်ကိုရီးယားတို့ကလည်း မြောက်ကိုရီးယားအနေဖြင့် နောက်ထပ်ဒုံးကျည်တစ်ခု စမ်းသပ်ပစ်လွှတ် ဖို့ ပြင်ဆင်နေကြောင်း သတိပေးခဲ့သလို ဂျပန်၏ ကုလသမဂ္ဂ ကိုယ်စားလှယ်ကလည်း   ပြင်းထန်သော အရေးယူ ပိတ်ဆို့မှု တစ်လှေကြီးပြုလုပ်သွားရန် တောင်းဆိုခဲ့သည်။

“ကျနော်တို့ အချိန်ထပ်ဖြုန်းနေလို့ မရတော့ပါဘူး။ မြောက်ကိုရီးယားကို ဖိအားပေးဖို့လိုပါတယ်။ သူတို့ဒီလမ်း အတိုင်း ဆက်သွားမယ်ဆိုရင် အကျိုးဆက်တွေကို ရင်ဆိုင်ရမှာပါ” ဟု ဂျပန်သံအမတ်ကြီး ကိုရိုဘက်ရှိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့အတူ မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုကို အမေရိကန်တို့ဘက်မှ ကြီးမားသောစစ်အင်အားဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က တနင်္ဂနွေနေ့တွင် သတိပေးပြောကြားခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ ပြုံယမ်းအစိုးရသည် အမေရိကန်နိုင်ငံထဲသို့ ပစ်လွှတ် နိုင်သော တာဝေးပစ်ဒုံးပျံ(ICBM) များကို ပြီးခဲ့သောဇူလိုင်လက ၂ ကြိမ်တိုင်တိုင် စမ်းသပ်ခဲ့အပြီးတွင် နောက်ထပ်ဒုံးပျံများ ပစ်လွှတ်စမ်းသပ်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly