မြောင်းတကာဓာတ်အားခွဲရုံ ပြုပြင်ရန် ရန်ကုန်ရှိ မြို့နယ် ၄ ခု၌ မီးပြတ်

မြောင်းတကာဓာတ်အားခွဲရုံ ပြုပြင်ရန် ရန်ကုန်ရှိ မြို့နယ် ၄ ခု၌ မီးပြတ်
လောပိတ ရေးအားလျှပ်စစ်စီမံကိန်းကြီးအား ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - ရဲမင်း

ရန်ကုန်၊စက်တင်ဘာ၄ ။         ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးမြို့နယ်၊ မြောင်းတကာမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ဥက္ကံ မြို့နယ်များတွင် နေ့လည် ၃ နာရီကြာ မီးပြတ်ခဲ့ပြီး မြောင်းတကာဓာတ်အားခွဲရုံရှိ  လွန်းကြိုးခွာ ပြုပြင်ထိန်းသိမ်းရန်အတွက် ဓာတ်အားဖြတ်တောက်ခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီမှ ည ၇ နာရီအထိ မြို့နယ် ၄ ခုကို ဓာတ်အားဖြတ်တောက်ခြင်း ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) မှ ကြေညာထား သည်။

ထို့ပြင် YESC သည် ရန်ကုန်မြို့အတွင်း ဓာတ်အားခွဲရုံများ ဓာတ်အား ပိုမိုရရှိရေးအတွက် ကြိုးများ၊ တပ်ဆင်ပစ္စည်းများလဲလှယ်နေပြီး မီးကြိုးများအတွက် အပတ်စဉ်မြို့နယ်တိုင်း၌ သစ်ပင်ခုတ်ရှင်းလင်း ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နေသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းမှ အင်ဂျင်နီယာချုပ်က ပြောသည်။

"ပြီးတော့ သစ်ပင်က မခုတ်လို့မရဘူးဗျ ။ မခုတ်လို့ရှိရင် ခင်ဗျားတို့ ခံစားနေရတဲ့ဒုက္ခက လေတိုက်လိုက်တာနဲ့ မီးပျက်တယ်ဆိုတာလေ"ဟု YESC မှ အင်ဂျင်နီယာချုပ်ဦးစောမောင်က ရှင်းပြသည်။

လက်ရှိအချိန်တွင် ပုဇွန်တောင်မြို့နယ်၌လည်း မြေအောက်ဓာတ်ကြိုးများ လဲလှယ်နေပြီး တခြားမြို့နယ်များ၌လည်း လုပ်ဆောင်နေသည်။

"အကျိုးဆက်ကတော့ရှိတာပေါ့ဗျာ အင်္ဂလိပ်ခေတ်ကထည့်ထားတဲ့ကြိုးတွေ အဲဒါကြီးတွေကိုလက်ရှိသုံးနေရတုန်း ဟိုးတုန်းက မီးအသုံးမရှိတဲ့အချိန်က ကြိုးက သေးသေးလေးတွေ မြေအောက်ထဲမှာ ချထားတာ။ အဲဒါလက်ရှိလည်း သုံးနေတုန်းပေါ့နော်။ ခဏ ခဏ သုံးတာနဲ့မမျှတော့ မြေအောက်ကြိုးတွေ မပေါက်အောင် ကြိုးအသစ်တွေချပြီး အားတက်အောင်လုပ်တာပေါ့ဗျာ"ဟု YESC မှ အင်ဂျင်နီယာချုပ်ဦးစောမောင်က ပြောသည်။

ပြီးခဲ့သည့် ရက်အတွင်း၌လည်း လှိုင်သာယာမြို့နယ်အတွင်းရှိရပ်ကွက်အချို့ တွံတေး၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကြည့်မြင်တိုင် တစ်ဘက်ကမ်းရှိ ရပ်ကွက်တို့တွင် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီမှ နေ့လည်၂ နာရီအထိ ၆ နာရီကြာ လှိုင်သာယာနှင့် ကနောင် ဓာတ်အားခွဲရုံများ၌ ပစ္စည်းလဲလှယ်တပ်ဆင်ခဲ့ပြီး ဓာတ်အားပိတ်မီးဖြတ်တောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly