အီရန်နျူကလီးယား သဘောတူညီချက် ကိုကျောခိုင်းလို်က်ပါက ဒေါ်လာ၏ ရပ်တည်မှုကို ထိခိုက်လာနိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပြောကြား

အီရန်နျူကလီးယား သဘောတူညီချက် ကိုကျောခိုင်းလို်က်ပါက ဒေါ်လာ၏ ရပ်တည်မှုကို ထိခိုက်လာနိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပြောကြား

နယူးယောက်၊ သြဂုတ် - ၁၂ ။        ။ အကယ်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် နျူကလီးယား သဘောတူညီချက်ကို ကျောခိုင်းပြီး၊ မဟာမိတ်များကို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာဖို့ တောင်းဆိုမည်ဆိုပါက အမေရိကန်ခေါင်းဆောင်မှုအပေါ် အယုံအကြည်ကင်းမဲ့သွားပြီး ကမ္ဘာသုံးငွေကြေးအနေဖြင့် ဒေါ်လာ၏ ရပ်တည်မှုကိုလည်း ထိခိုက်လိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက သြဂုတ်လ ၁၁ရက်နေ့က ပြောကြားခဲ့သည်။

''တကယ်လို့ ကျွန်တော်တို့က သဘောတူညီချက်ကို ကျောခိုင်းငြင်းပယ်လိုက်ပြီး၊ ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စည်းမျဉ်းတွေကို မဖြစ်မနေ လိုက်နာရမယ် လို့ပြောလိုက်မယ်ဆိုရင် အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေကြေးအဖြစ်က ရပ်စဲဖို့ ဖြစ်လာမှာပဲ''ဟု ဂျွန်ကယ်ရီက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကယ်ရီက သူကိုယ်တိုင် ပါဝင်စေ့စပ်ညှိနှိုင်းခဲ့ရသည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ဗီယင်နာသဘောတူညီချက်ကို အမေရိကန်လွှတ်တော်အမတ်များ၏ ဖျက်စီးမှုမှ ခုခံကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ စောဒကအသစ်တရပ်ကို တင်သွင်းလာခဲ့ခြင်းပင်ဖြစ်သည်။ အီရန် နျူကလီးယားသဘောတူညီချက်ကို အတည်ပြုရေး မပြုရေးနှင့် ပတ်သက်၍ ကွန်ဂရက်က စက်တင်ဘာ ၁၇ရက်နေ့မတိုင်မီ အထိ ဆုံးဖြတ်ဦးမည် မဟုတ်ပေ။

ကယ်ရီက အမေရိကန်၏ စီးပွားရေးနှင့် နိုင်ငံရေးသြဇာ ဆုံးရှုံးနိုင်ခြေကိုလည်း သတိပေးသည်။ ရုတ်တရက်ချက်ချင်း မဆုံးရှုံးနိုင်သေးသော်လည်း နိုင်ငံအတော်များများမှာ လက်ရှိနိုင်ငံတကာ စီးပွားရေး အခင်းအကျင်းကို စိတ်မရှည်နိုင်ဖြစ်နေကြပြီဟု ကယ်ရီက ပြောကြားခဲ့သည်။

''ကွန်ဂရက်က လုပ်စေချင်သလို သဘောတူညီချက်ကို တစ်ဖက်သတ်ကျောခိုင်းလိုက်မယ်ဆိုရင် အမေရိကန်ခေါင်းဆောင်မှုနဲ့ ယုံကြည်ကိုးစားအပေါ် ပြည်သူလူထုတွေရဲ့အမြင်ကို နက်ရှိုင်းတဲ့ဆိုးကျိုး သက်ရောက်စေပါလိမ့်မယ်''ဟုလည်း ကယ်ရီက ပြောကြားခဲ့သည်။

သို့ရာတွင် နယူးယောက်အခြေစိုက် စီးပွားရေးမဟာဗျူဟာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် BK Asset Management ၏ စီမံအုပ်ချုပ်မှုဒါရိုက်တာ ဘောရစ် ရှလော့စ်ဘာ့ကမူ ကယ်ရီ၏ ဆင်ခြေကို လက်မခံပါ။ အမေရိကန်ပြည်ထောင်စုက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးတွင် မယှဉ်ပြိုင်နိုင်တော့သည့်အခါမှသာ ဒေါ်လာ၏ ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ၎င်းက ပြောသည်။

''တကယ့်အရှိတရားက အမေရိကန်ဒေါ်လာဟာ ဆယ်စုနှစ်များအတွင်းမှာ အခုလောက်အထိ မမာခဲ့ဖူးပါဘူး။ ပထဝီနိုင်ငံရေးအခြေခံအရ အခုအနေအထားမှာတော့ အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေကြေးအဖြစ်က အစားထိုးခံရနိုင်တယ်ဆိုတဲ့အတွေးက ရယ်စရာကောင်းပါတယ်။ အီရန်သဘောတူညီချက်နဲ့ ဒေါ်လာနဲ့က အဝေးကြီးပါ''ဟု ဘောရစ် ရှလော့စ်ဘာ့က ထပ်လောင်းပြော ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly