အပြောင်းအရွှေ့ကာလတွင် ငွေအသုံးဆုံးအသင်းအဖြစ် မန်စီးတီးရပ်တည်

အပြောင်းအရွှေ့ကာလတွင် ငွေအသုံးဆုံးအသင်းအဖြစ် မန်စီးတီးရပ်တည်

စက်တင်ဘာ ၃၊ အင်္ဂလန် ။          ။ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းသည် ပီအက်စ်ဂျီနှင့်အေစီမီလန်အသင်းတို့ကို ဖြတ်ကျော်ပြီး   ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုသည့်အသင်းအဖြစ် ရပ်တည်ခဲ့သည်။

မန်စီးတီးအသင်းသည် မိုနာကိုအသင်းမှ ဘာနာဒိုဆေးလ်ဗားနှင့် မန်ဒီ၊ စပါးနောက်ခံလူ ဝေါ်လ်ကာ၊ ဘင်ဖီကာဂိုးသမား အီဒါဆင်နှင့် ရီးယဲလ်နောက်ခံလူ ဒန်နီလိုတို့အတွက် ပေါင် ၂၂၂ သန်းအထိ အသုံးပြုခဲ့သည်။

ပီအက်စ်ဂျီအသင်းမှာ နေမာကို ပေါင် ၂၀၃ သန်းဖြင့် ခေါ်ယူခဲ့သော်လည်း အခြားနာမည်ကြီး ကစားသမားများကို ခေါ်ယူခဲ့ခြင်းမရှိသည့်အတွက် မန်စီးတီး၏ အပြောင်းအရွှေ့အသုံးစရိတ်ကို လိုက်မီခြင်းမရှိခဲ့ပေ။ အမ်ဘတ်ပီကို ပေါင် ၁၆၅ သန်းဖြင့် ခေါ်ယူခဲ့သည်ဆိုသော်လည်း ယခုနှစ်တွင် အငှားဖြင့်သာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပီအက်စ်ဂျီအသင်း၏ စုစုပေါင်းအသုံးစရိတ်မှာ ပေါင် ၂၁၄ သန်းသာ ရှိခဲ့သည်။

မန်စီးတီးနှင့် ပီအက်စ်ဂျီအသင်းတို့၏ နောက်တွင် စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းက ပေါင် ၁၇၈ သန်းအထိ အသုံးပြုခဲ့သည်။ ၎င်းတို့၏နောက်တွင် ချယ်လ်ဆီးက ပေါင် ၁၅၅ သန်း၊ အဲဗာတန်က ပေါင် ၁၄၉ သန်း၊ မန်ယူက ပေါင် ၁၄၅ သန်းဖြင့် အသုံးစရိတ်အများဆုံးအသင်းများအဖြစ်ရပ်တည်ခဲ့ကြသည်။

ယခုနှစ်တွင် ပရီးမီးယားလိဂ်အသင်း ၂၀ ၌ ၁၆ သင်းမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကစားသမားများ ခေါ်ယူခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags