ကင်ညာ သမ္မတ ရွေးကောက်ပွဲ ပြန်ကျင်းပရန် တရားရုံးချုပ် အမိန့်ချ

By AFP
02 September 2017
ကင်ညာ သမ္မတ ရွေးကောက်ပွဲ ပြန်ကျင်းပရန် တရားရုံးချုပ် အမိန့်ချ

နိုင်ရိုဘီ၊ စက်တင်ဘာ ၂ ။        ။ ကင်ညာ တရားရုံးချုပ်က ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ်သည် တရားမဝင်ဟုဆိုကာ ရက်ခြောက်ဆယ်အတွင်း သမ္မတ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် စက်တင်ဘာ ၁ ရက်က အမိန့်ချမှတ်လိုက်သည်။

“သြဂုတ် ၈ ရက်က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်ပါ။”ဟု တရားသူကြီးချုပ် ဒေးဗစ်မာရာဂါက အမိန့်ချလိုက်ရာ သမ္မတ ကင်ယက်တာပဲ အနိုင်ပြန်ရရှိသည်ဟု   ကြေညာထားသော ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်ထားသည့် အတိုက်အခံများအတွက် အားတက်စရာဖြစ်သည်။

တရားသူကြီးနှစ်ဦးက လွဲပြီး အားလုံးက ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် သဘောတူအမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု မာရာဂါက ဆိုသည်။

“ရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းပုံ၏ ညွှန်ကြားချက်နှင့်အညီ သမ္မတ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်း မရှိ”ဟု မာရာဂါက ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ကြောင်း ရှားရှားပါးပါး အမိန့်ချမှတ်သည်။

ရွေးကောက်ပွဲရလဒ်သည် ပုံမှန်မဟုတ်ဘဲ တရားမဝင်ကြောင်း အတိုက်အခံခေါင်းဆောင် အိုဒင်ဂါ၏ အငြင်းအဆန်လုပ်ထားခြင်းအား မာရာဂါက အတည်ပြုပေးလိုက်ရာလည်း ရောက်သည်။

“ရွေးကောက်ပွဲဆိုတာ သမာသမတ် မျှတရပါမယ်။”ဟု မာရာဂါက ကတိပေးသည်။

ပြီးခဲ့သည့် သြဂုတ်လ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတဖြစ်သူ ကင်ယက်တာသာ ပြန်လည် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းရလဒ်ကို အတိုက်အခံများဖက်က လက်မခံဘဲ ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly