မောင်တောသို့ ပရဟိတအဖွဲ့များ ထပ်မံရောက်ရှိ

မောင်တောသို့ ပရဟိတအဖွဲ့များ ထပ်မံရောက်ရှိ
ဓာတ်ပုံ- ဝေဠုကျော်ဖောင်ဒေးရှင်း

ရန်ကုန်၊ စက်တင်ဘာလ ၂ ။              ။ ရခိုင်ပြည်နယ် မောင်တောဒေသတွင်ပိတ်မိနေသော ဒုက္ခသည်များကို ကူညီရန်အတွက် စာရေးဆရာဝေဟင်အောင်နှင့်   ဝေဠုကျော် ဖောင်ဒေးရှင်းအပြင်   ဆေးကုသရေး ပရဟိတအဖွဲ့ များ ထပ်မံရောက်ရှိလာကြောင်းသိရသည်။

 မောင်တောရှိ ဒုက္ခသည်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် သစ်မင်း ပရဟိတဆေးကုသရေးအဖွဲ့မှ ဆရာဝန် ၃ ဦး၊ ကျန်းမာရေးမှူး ၂ ဦးတို့ စစ်တွေမြို့သို့ ယမန်နေ့က ရောက်ရှိခဲ့ပြီး  ခင်နှင်းကြည်သာ တစ်ကိုယ်တော် ပရဟိတအဖွဲ့တို့လည်း ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များကို ကူညီချင်သူများအနေဖြင့် ရခိုင်ဒေသခံ စာရေးဆရာ ဝေဟင်အောင်မှ တဆင့် လှူဒါန်းနိုင်ပြီး လက်ရှိအချိန်တွင် လှူဒါန်းငွေ ကျပ်သိန်း ၈ဝဝ ခန့်ထိရှိပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်မောင်တောတွင် ဒေသခံများပိတ်မိနေသည့် အခြေအနေနှင့်ပတ်သက်ပြီး "ပစ္စည်းတွေကို ဘယ်ကိုပို့ပေးပါ။ ဘယ်သူ့နာမည်တပ်ပေးပါဆိုတာထက် လက်ရှိအခြေအနေဟာ   မောင်တောမြို့ထဲကနေ ဘယ်မှ သွားလို့မရဘူး။ ကျွန်တော်တို့က လတ်တလောမှာ လုံခြုံရေး အကူအညီတွေနဲ့ ပိတ်မိနေသူတွေလက်ထဲ စားနပ်ရိက္ခာတွေ မြန်မြန်ဆန်ဆန် ရောက်သွားဖို့အတွက်ပဲ ကြိုးစားနေရတယ်။ သက်ဆိုင်ရာတွေကို အကူအညီတောင်းခံနေရတဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဒါပေမယ့် တခုခုတော့ အဆင်ပြေအောင် ကျွန်တော်တို့ ကြိုးစားနေတယ် ဆိုတာလောက်ပဲ အသိပေးနိုင်တယ်။ မေယုဒေသမှာ ဆန်အိတ် ၁၃၇ဝ အဆင်သင့် ပြင်ဆင်ထားပါတယ်"ဟု စာရေးဆရာ ဝေဟင်အောင်က စက်တင်ဘာလ ၁ ရက်၊ ည ၁ဝ နာရီခန့်တွင်ပြောသည်။

မောင်တောဒေသခံများကို ကူညီရန်အတွက် ဘဏ်မှတဆင့် ပုံစံသုံးမျိုးဖြင့်လှူဒါန်းနိုင်ကြောင်းသိရသည်။

" မနေ့က စစ်တွေကိုရောက်တာ နောက်ကျတော့ ဘဏ်ကိုတော့ မမီလိုက်ဘူး။ ခန့်မှန်းခြေပြော ရရင် ကျွန်တော်တစ်ဦးတည်း ကောက်ခံပေးနေတဲ့ အလှူငွေက သိန်း ၈ဝဝ လောက်ရှိပြီလို့ ပြောလို့ရပါတယ်။ ဘဏ်မှာကလည်း သုံးမျိုးလှူဒါန်းပေးထားတာရှိတယ်။ ဘဏ်စာအုပ်ကိုလွှဲတဲ့ တစ်မျိုးရယ်၊ ရိုးရိုးလွှဲတာရယ်၊ ATM ကိုလွှဲတာရယ်ပါ။ သုံးမျိုးဖြစ်နေတော့၊ ဘဏ်ကိုလည်း မရောက်သေးတော့ စာရင်းချုပ်ဖို့ အဆင်မပြေသေးတာပါ။ အခုက အလှူငွေကလည်း ဆက်တိုက်ဝင်နေသေးတယ်"ဟု စာရေးဆရာဝေဟင်အောင်က ပြောသည်။

ကူညီထောက်ပံ့ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ဝေဠုကျော်ဖောင်ဒေးရှင်းနှင့် ဟန်ချက်ညီအောင် လုပ်ဆောင်နေသည်ဟုလည်း ၎င်းကပြောသည်။

" ကိုဝေဠုကျော်ကတော့ လောလောဆယ် မောင်တောမှာ ကျန်ခဲ့တယ်။ မနက်ဖြန်သူ စစ်တွေကို တက်လာမယ်။ ကျွန်တော် မောင်တောပြန်ဆင်းမယ်။ ဒီတိုင်းဆိုရင် ကျွန်တော်တို့နှစ်ယောက်စလုံးက   မောင်တောမှာဆိုရင် လုပ်အားနှစ်ယောက်လုံးက ပိသွားမယ်သဘောရှိတယ်။ ကျွန်တော်က ရခိုင်ကလဒေသခံဖြစ်နေတော့ ဒီဘက်လာတဲ့အဖွဲ့အစည်းတော်တော်များများကို ကျွန်တော်ကနေ စီစဉ်ပေးရတဲ့အပိုင်းတွေရှိတယ်"ဟု စာရေးဆရာ ကိုဝေဟင်အောင်က ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စရင်းများအရ မောင်တောမြို့ ၄ မိုင်အကွာ အထကခွဲ ကျောင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များ အများဆုံးပါဝင်သော ဒုက္ခသည် ၁၀၀၀ ကျော် လာရောက်ခိုလှုံနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly