၈ လအရွယ် သင်းကွဲလာသော ဆင်မလေးအား စောင့်ရှောက်ထား

၈ လအရွယ် သင်းကွဲလာသော ဆင်မလေးအား စောင့်ရှောက်ထား
ဓာတ်ပုံ - သစ်တောဦးစီးဌာန

ရန်ကုန်၊ စက်တင်ဘာလ ၁ ။          ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြစ်တစ်ရာ ကြိုးဝိုင်းအတွင်း သင်းကွဲဆင်အဖြစ်အဖော်မဲ့ သွားလာနေသည့် အသက် ၈ လအရွယ် သင်းကွဲဆင်မလေးအား တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ စက်တင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သင်းကွဲဆင်မလေးမှာ မြစ်တစ်ရာကြိုးဝိုင်းအတွင်း အဖော်မဲ့ တစ်ကောင်တည်း သွားလာနေကြောင်း ဒေသခံများ သတင်းပေးပို့မှုအရ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းများ၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တို့မှ သွားရောက်ရှာဖွေခဲ့ရာ သြဂုတ်လ ၃၁ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရှာဖွေတွေ့ရှိခဲ့သော သင်းကွဲဆင်မလေးကို ဆင်မုဆိုးများအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် လက်ရှိတွင် တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၁၆ ရက်နေ့တွင်လည်း ပုသိမ်ခရိုင်၊ ချောင်းသာကြိုးဝိုင်း၊ ဖိုးလွန်းချောင်းအတွင်းရှိ ကျောက်ဆောင်ကြားတွင်ညပ်နေပြီး နွံနစ်နေသော ရက်သားအရွယ်ရှိ   တောဆင်ငယ်တစ်ကောင်ကိုလည်း သစ်တောဦးစီးဌာနမှ ကယ်ဆယ်ပြီး ဆင်ငယ်မိခင်ရှိရာ ဆင်အုပ်ထံ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly