ဆန်ဖရန်စစ္စကိုရှိ ရုရှကောင်စစ်ဝန်ရုံးအား အမေရိကန်က ပိတ်ခိုင်း

By AFP
01 September 2017
ဆန်ဖရန်စစ္စကိုရှိ ရုရှကောင်စစ်ဝန်ရုံးအား အမေရိကန်က ပိတ်ခိုင်း

ဝါရှင်တန်၊ စက်တင်ဘာ ၁ ။                 ။ အမေရိကန်နိုင်ငံသည် ဆန်ဖရန်စစ္စကိုရှိ ရုရှသံရုံးနှင့် ဝါရှင်တန်နှင့် နယူးယောက်တို့ရှိ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ ရုရှအဆောက်အအုံများကိုပါ ပိတ်ခိုင်းထားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၃၁ ရက်တွင် ပြောသည်။

ရုရှနိုင်ငံတွင်းရှိ အမေရိကန် သံတမန်များ တည်ရှိမှုကို မော်စကိုဖက်က ဖြတ်တောက်ခဲ့ခြင်းအတွက် အမေရိကန်၏ လက်တုံ့ပြန်မှုတစ်ရပ်လည်း ဖြစ်သည်။

ပါးရိုက်နားကိုက် အပြန်အလှန် လုပ်ဆောင်နေကြသည့် နှစ်နိုင်ငံကြား ယခုကြေညာချက်က အမေရိကန်၏ နောက်ဆုံး လက်တုံ့ပြန်မှုဖြစ်ကာ စစ်အေးနောက်ပိုင်း ဆက်ဆံရေးကျဲနေခြင်းကို ပိုတွန်းအားပေးစေမည် ဖြစ်သည်။ ထိုပြင် ဇန်နဝါရီလက အိမ်ဖြူတော်တာဝန် စယူခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ရုရှနှင့် ဆက်ဆံရေး တိုးတက်အောက် ဖော်ဆောင်လိုခြင်းကိုလည်း ယိုင်နဲ့စေမည်။

ပြီးခဲ့သည့်လအတွင်း အမေရိကန်လွှတ်တော်က ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ခြင်းကို တစ်ခဲနက် အတည်ပြုလိုက်ပြီးနောက် ရုရှသည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေးကို   လျှော့ချလာခဲ့ပြီး ၎င်းနိုင်ငံတွင်းက အမေရိကန် သံဝန်ထမ်းဦးရေကို ထက်ဝက်ကျော်အထိ လျှော့ချလိုက်သည်။ ရုရှက အမေရိကန် သံဝန်ထမ်းဦးရေကို ၄၅၅ ဦးအထိ လျှော့ချလိုက်ခြင်းဖြစ်ပြီး ယင်းပမာဏသည် အမေရိကန်နိုင်ငံတွင်း ရှိနေသည့် ရုရှသံဝန်ထမ်းဦးရေနှင့် ညီမျှသည်။

၂၀၁၆ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ခြေထိုးခြင်းနှင့် ၂၀၁၄ ခုနှစ်က ယူကရိန်းမှ ခရိုင်းမီးယားကို ကျူးကျော်ခြင်းတို့အတွက် ရုရှအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ခုလို လုပ်ဆောင်လိုက်တာက နှစ်နိုင်ငံကြားက ဆက်ဆံရေးအရပ်ရပ်ကို အကျိုးပျက်ပြားစေလိမ့်မယ်လို့ ကျွန်မတို့ ယူဆတယ်။”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရအမျိုးသမီး ဟက်သာနျူရတ်က ပြောပြီး အမေရိကန်ဖက်က သံတမန်လျှော့ချခြင်းကို အပြီးသတ်လုပ်ဆောင်ထားပြီးကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly