အင်းဝအပ်ချုပ်ဆိုင်မှ စွပ်စွဲခံရသူ ရာဇာထွန်းမှာ စိတ်ထားနူးညံ့သူဖြစ်ဟု အဒေါ်ဖြစ်သူထွက်ဆို

အင်းဝအပ်ချုပ်ဆိုင်မှ စွပ်စွဲခံရသူ ရာဇာထွန်းမှာ စိတ်ထားနူးညံ့သူဖြစ်ဟု အဒေါ်ဖြစ်သူထွက်ဆို

ရန်ကုန်၊ သြဂုတ်လ ၃၁ ။       ။ အိမ်အကူမိန်းကလေးငယ်နှစ်ဦး နှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံသူဖြစ်သည့် ရာဇာထွန်းသည် စိတ်ထားနူးညံ့သူဖြစ်ပြီး ကြမ်းတမ်းသော အမူအရာမရှိဟု ခံပြသက်သေအဖြစ် ရာဇာထွန်း အဒေါ်ဖြစ်သူ ဒေါ်သန္တာဝင်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ယနေ့ သြဂုတ်လ ၃၁ ရက်၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၆ ဦးအတွက် ခံပြသက်သေအဖြစ်တင်သွင်းထားသော ရာဇာထွန်း၏ အဒေါ်ဖြစ်သူ ဒေါ်သန္တာဝင်းကို နှစ်ဖက်ရှေ့နေများက စစ်မေးခဲ့ရာ ထိုသို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

“ ရာဇာထွန်းက ကျွန်မလက်ထဲမှာ ကြီးပြင်းခဲ့တဲ့သူဖြစ်ပြီး သူဟာ ကျွန်မရဲ့သား ရာဇာလွင်ထက် တစ်နှစ်ခွဲခန့် ငယ်သူဖြစ်ပါတယ်။ ရာဇာထွန်းက စိတ်ထားနူးညံ့သူတစ်ယောက်ဖြစ်ပြီးတော့ ကြမ်းတမ်းတဲ့ အမူအရာ အနေ အထိုင်မရှိပါဘူး”ဟု ဒေါ်သန္တာဝင်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ရာဇာထွန်းသည် စုမွန်လတ်နှင့် အိမ်ထောင်ကျပြီးနောက် လမ်း ၄ဝ ရှိ အင်းဝအပ်ချုပ်ဆိုင်နေအိမ်တွင် စုမွန်လတ် နှင့်အတူ နေထိုင်ခြင်း မရှိဘဲ ၎င်းအဖိုးဖြစ်သူ နာတာရှည်ရောဂါရှိသဖြင့် အဖိုးဖြစ်သူနှင့်အတူ ပန်းပဲတန်းမြို့ နယ်ရှိ ဗိုလ် ဆွန်ပက်လမ်းနေအိမ်တွင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရာဇာထွန်းသည် အကျီၤဒီဇိုင်းများ ပုံဖော်ခြင်း၊ ကျောက်စိမ်းပန်းချီများ ပြုလုပ်ခြင်းနှင့် ပြင်ပအလုပ်အနေဖြင့် ရုပ်ရှင်သရုပ်ဆောင်များအား ကိုယ်တိုင်းသွားယူခြင်းများ လုပ်ကိုင်ကြောင်း ဒေါ်သန္တာဝင်းက ထွက်ဆိုသည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် ရာဇာထွန်း၊ တင်မင်းလတ်၊ စုမွန်လတ်တို့ကို ခရိုင် တရားရုံးက မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ်ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်းကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄၊ ၃၄၄/ ၁၁၄ တိုဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်ခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါ ၆ ဦးကို ဇူလိုင်လ ၁၃ ရက်ရုံးချိန်းမှ စတင်ကာသြ ဂုတ်လ ၁၇ ရက်နေ့ရုံးချိန်းထိ စစ်ဆေးခဲ့ပြီး သြဂုတ်လ ၂၂ ရက်နေ့ ရုံးချိန်းမှ စတင်ကာ ခံပြသက်သေများကို စတင် စစ်ဆေးနေခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါ  ၆ ဦးအတွက် ခံပြသက်သေစစ်ဆေးရန် တရားရုံးတွင် ခံပြသက် သေ ၃၈ ဦး တင်သွင်းထားပြီး ရုံးချိန်း ၄ ချိန်းတွင် ခံပြသက်သေ ၁၁ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီ းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး လာမည့် စက်တင်ဘာလ ၅ ရက် ရုံးချိန်းတွင်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် တ ရားရုံးတွင် ခံပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly