ဟာရီကိန်းမုန်တိုင်းဟာဗေးအား ရင်ဆိုင်အံတုနိုင်သည့်အတွက် ထရမ့်ဂုဏ်ယူဝင့်ကြွား

ဟာရီကိန်းမုန်တိုင်းဟာဗေးအား ရင်ဆိုင်အံတုနိုင်သည့်အတွက် ထရမ့်ဂုဏ်ယူဝင့်ကြွား

ကောပတ်စ်ခရစ္စတီ၊ တက္ကဆက်၊ သြဂုတ် ၃၀ ။                    ။ တက္ကဆက်ဒေသအား ရေလွှမ်းမိုးမှုဖြစ်ပေါ်စေခဲ့ပြီး ၁၄ဦးခန့်သေဆုံးစေခဲ့ကာ လူပေါင်းသောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ရသော အင်အားပြင်းဟာရီကိန်းမုန်တိုင်းဟာဗေးကို စီမံခန့်ခွဲမှုကောင်းကောင်းနှင့် လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့သည့် သူ၏လုပ်ဆောင်ချက်အတွက် သမ္မတဒေါ်နယ်ထရမ့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့သည်။

ထရမ့်သည် တက္ကဆက်ရှိပြည်သူများကို အမေရိကန်အစိုးရက အပြည့်အဝကူညီထောက်ပံ့ပေးနေကြောင်းနှင့် သူ၏လုပ်နိုင်စွမ်းကို ထုတ်ဖော်ပြသသည့်အနေဖြင့် တက္ကဆက်သို့ အင်္ဂါနေ့က ရောက်ရှိလာခဲ့သည်။

မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ပြည်သူများနှင့် တစ်သားတည်းဖြစ်သည်ကို ပြသသည့်အနေဖြင့် ထရမ့်သည် ကုန်တင်ကားတစ်စီးပေါ်သို့တက်၍ စကားပြောခွက်ကိုကိုင်ကာ စုရုံးနေကြသောလူအုပ်ကြီးအား ယခုလိုပြော ကြားခဲ့သည်။ “တက္ကဆက်ဟာ အထူးကောင်းမွန်တဲ့ဒေသနဲ့ ပြည်နယ်တစ်ခုပါပဲ။ ကျုပ်တို့က ခင်ဗျားတို့ကို ချစ်ပါတယ်။ ခင်ဗျားတို့ဟာ ထူးရှယ်တွေပါပဲ။ ခင်ဗျားတို့ကိုကူညီဖို့ ဒီကိုကျနော်တို့ရောက်လာတာပါ” ဟု ထရမ့် က ပြောခဲ့သည်။

ဆက်လက်ပြီး “မုန်တိုင်းဟာ တကယ့်ကိုသမိုင်းတွင်လောက်အောင် တိုက်ခတ်ပစ်လိုက်တာပါ။ တော်တော်ကို ကြီးမားပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းဟာ တက္ကဆက်မှာလာပြီး တိုက်ခတ်ခဲ့တာပါ။ တက္ကဆက်ဟာ ဘယ်အရာ ကိုမဆို ရင်ဆိုင်အံတုနိုင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သလို ပြည်သူအချို့က တက္ကဆက်ပြည်နယ်အလံ ကို ဝေ့ယမ်း၍ အားပေးခဲ့ကြသည်။

ထရမ့်သည် ဟာရီကိန်းမုန်တိုင်းဒဏ်ကို အများဆုံးရိုက်ခတ်ခံခဲ့ရသည့် ကောပတ်စ်ခရစ္စတီအရပ်ဒေသို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ယခုလိုအားပေးစကား ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သော သောကြာနေ့က လေတိုက်နှုန်း တစ်နာရီလျှင် ၂၁၅ ကီလိုမီတာနှုန်းဖြင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော ဟာရီကိန်းဟာဗေးကို ကောပတ်စ်ခရစ္စတီမြို့မှ လူပေါင်း ၃၂၀၀၀၀ ခန့် ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရသည်။

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဂရက်အက်ဘော့တ်ကလည်း တက္ကဆက်ကာကွယ်ရေးတပ်သား ၁၂၀၀၀ခန့်ဖြင့် ပြည်သူများကို သဘောဝဘေးအန္တရာယ်အား ရင်ဆိုင်ရာတွင် အကူအညီပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly